28 C
Yangon

စစ်တပ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ နှင့် ပြိုလဲလုနီးပါးဖြစ်နေသည့် ကျန်းမာရေး၊ ပညာရေးစနစ်၏ ဒဏ်ကို မြန်မာကလေးငယ်များ အမြင့်မားဆုံး ခါးစည်းခံနေရမှု နိုင်ငံတကာက ကူညီကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း အကူအညီတောင်းခံ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

မြန်မာစစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြိုလဲလုနီးပါးဖြစ်နေသည့် ကျန်းမာရေးနှင့် ပညာရေးစနစ်၏ ဒဏ်ကို မြန်မာကလေးငယ်များက အမြင့်ဆုံး ခါးစည်းခံနေရ၍ နိုင်ငံတကာကူညီကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၃ ရက်နေ့ အမေရိကန်၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် Executive Board of the United Nations Children’s Fund ၏ ၂၀၂၄ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆို အကူအညီတောင်းခံလိုက်ခြင်းဖြစ်သည်။

မြန်မာကလေးငယ်များသည် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြိုလဲလုနီးပါးဖြစ်နေသည့် ကျန်းမာရေးနှင့် ပညာရေးစနစ်၏ ဒဏ်ကို အမြင့်မားဆုံး ခါးစည်းခံနေရ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကြမ္မာဆိုးများအတွက် အကြမ်းဖက်စစ်တပ်သည် အဓိကအရင်းခံ ဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း၊ မြန်မာနိုင်ငံတွင် အမှန်တကယ် အကူအညီ လိုအပ်နေသူများထံသို့ အသက်ကယ်အကူအညီများ ထိရောက်စွာ ပို့ဆောင်နိုင်ရန်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်း ရင်း သား တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူများအားလုံးနှင့် အချိတ်အဆက်ရှိရှိ ဟန်ချက်ညီညီဖြင့် ပူးပေါင်းဆောင်ရွက်ရန် အထူးအလေးအနက်ထား တိုက်တွန်းကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအခြေအနေမှာ အလွန်အမင်း ဆိုးရွား လျက်ရှိသေးရာ ပြဿနာအား ဖြေရှင်းနိုင်ရန် အလှမ်းဝေးလျက်ရှိ ကြောင်း၊ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန် မှစတင်၍ ကလေးငယ်များ အပါအဝင် မြန်မာပြည်သူများအပေါ် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင်တိုက်ပွဲများတွင် ဆက်တိုက် ရှုံးနိမ့်နေခြင်းနှင့် တပ်သားများ ဆုံးရှုံးနေခြင်း တို့ကြောင့် စစ်တပ်သည် အတင်းအကျပ် စစ်သားစုဆောင်းမှုကို လုပ်ဆောင်လျက်ရှိ ကြောင်း၊ ယင်းမှာ ရှိရင်းစွဲ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော နေရပ်စွန့်ခွာမှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်ချက်တို့ကို သာ၍ ဆိုး ရွားစေပြီး ပြည်သူများ ကြုံတွေ့နေသည့် အကျပ်အတည်းအပေါ် ဒုက္ခဆင့်ကဲတိုးပွားစေကြောင်း သံအမတ်ကြီးက ဆိုသည်။

ကုလသမဂ္ဂUNICEF ၏ ထုတ်ပြန်ချက်အရ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေ သော ဒုက္ခသည် ၁၈ ဒသမ ၆ သန်းအနက် ၆ သန်းမှာ ကလေးငယ်များဖြစ်ကြောင်း၊ ထို့အတူ ကလေးငယ် များသည် စစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြိုလဲလုနီးပါးဖြစ်နေသည့် ကျန်းမာရေးနှင့် ပညာရေးစနစ်၏ ဒဏ်ကို အမြင့်မားဆုံး ခါးစည်းခံနေရကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကြမ္မာဆိုးများအတွက် အကြမ်းဖက် စစ်တပ်သည် အဓိကအရင်းခံဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း ၎င်းက ဆိုသည်။

မြန်မာကလေးငယ်များ၊ လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုးဆက်များအတွက် မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်နိုင်ရန် ပြတ်သားသည့် သိန္နိဌာန်ချထားပြီး၊ ဆတက်ထမ်းပိုး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာ ကလေးငယ်များကို အဖိုးတန်ရတနာများအဖြစ် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ငြိမ်းချမ်းသာယာ ဝပြော၍ ကလေးငယ်များ၏ အခွင့်အရေးကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မည့် မြန်မာနိုင်ငံအားတည်ထောင်ရာတွင် ဝိုင်းဝန်းအားဖြည့် ကူညီပေးကြပါရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံတောင်းဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article