25.4 C
Yangon

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၁

Must read

“မင်းအောင်လှိုင်ရဲ့ မိုက်ရူးရဲ ဆန်မှု ဆင်ခြင်တုံ့တရားကင်းမဲ့မှုတွေပါဗျ။ ပြောရရင် အရပ်သားစကားပြောရရင် အာဏာသာ ရူးတာ တိုင်းပြည်တစ်ခုကို အုပ်ချုပ်နိုင်တဲ့ အစိုးရလုပ်နိုင်တဲ့ အသိနဲ့ ဉာဏ်ပညာ အတတ်ပညာ လုံးဝကင်းမဲ့တဲ့ အခြေအနေပါ။ မင်းအောင်လှိုင်ရဲ့ ယုတ်မာမှု အသိ ဉာဏ် နည်းမှုတွေကြောင့်ပဲ တိုင်းပြည်က ဒီအခြေအနေထိ ရောက်လာတယ်ဆိုတဲ့ အခြေအနေ”

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း အပိုင်း ၁

By ရန်ကုန်ခေတ်သစ်

၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာမှုများက အမြင့်ဆုံးရောက်ရှိလာချိန်တွင် စစ်ကောင်စီက ယင်းအဖွဲ့ ၃ ခုကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာလိုက်သည်။ ထိုသို့ ကြေညာမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ လက်ရှိမှာ အကြမ်းဖက် အာဏာလု စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက် ကြေညာပြီးတော့ တန်ပြန်ထိုးစစ်နဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ မင်းအောင်လှိုင်က ကြေညာလာတာအပေါ် ဘယ်လိုသုံးသပ်လဲ။

ဖြေ။ ။ ပထမဆုံးပြောချင်တာက အခု အာဏာရူး မင်းအောင်လှိုင်ရဲ့ ပြောပေါက် လုပ်ပေါက်တွေ ဖော် ပြထားတာ အခု ပြန်ထိုးစစ်ဆင်မယ်၊ ဒါတွေပြောနေတာ ကြားရတော့ ကျွန်တော်တို့ ငယ်ငယ်က ရပ်ထဲရွာထဲမှာ ပြောတဲ့ ဆိုးရိုးတစ်ခု သွားသတိရတယ်။ ရွာထဲမှာ ထစ်ခနဲ ရှိရင် ဓားရှည်ကြီး ဆွဲဆွဲပြီးတော့ အိမ်ပြင် ထွက်သွားလိုက်၊ ပြီးတော့ နဖူးကြီး ဟက်တက်ကွဲပြီးတော့ ပြန်လာလိုက်ဆိုတာမျိုးပေါ့ဗျာ။ အခု မင်းအောင် လှိုင်ကလည်း အခု ဒါ သွေးရူး သွေးတန်းနဲ့ ဂယောင်ခြောက်ခြားတွေ တောင်ပြော မြောက်ပြော လုပ်နေတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုရင်ပဲ ညီနောင် မဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အမယ် မင်း အောင်လှိုင်က သူကတောင် ကြေညာရတယ်ရှိသေး။ ပြောချင်တာက ဒါတွေအားလုံး ဒီနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ အားလုံးရဲ့ လူမှုဒုက္ခတွေ အားလုံးရဲ့ လက်သည် တရားခံက ဒီ မင်းအောင်လှိုင် အာဏာရူးလို့ဗျ၊ ဒင်း အာဏာသိမ်းလိုက်လို့ ဖြစ်သွားတာ။ အဲဒီတော့ ပြည်သူ လူထု အားလုံးကလည်း ဒီ အကြမ်းဖက်မှု ဒီအာဏာသိမ်းမှု အာဏာရှင်စနစ်ကို လုံးဝလက်မခံဘူး။အစွမ်းကုန် တွန်းလှန်ကြတယ်။ မူလရှိရင်းစွဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကြီးတွေ ရှိတယ်။ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ PDF အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ ရှိတယ်။

အလားတူ ပြည်သူလူထုရဲ့ လက်နက်မဲ့ လူထုတိုက်ပွဲ ၊ လူထုလှုပ်ရှားမှုတွေနဲ့ ဟန်ချက်ညီညီ ပြည်သူ့ နွေဦးတော်လှန်ရေးကြီးကို ဖော်ဆောင်နေကြရတာပေါ့ဗျာ။ ဒီတော့ အကြမ်းဖက် အာဏာရှင်စနစ်ရဲ့ မင်းအောင်လှိုင်ရဲ့ နေဝင်ချိန်ကလည်း ပိုပိုပြီး တစ်စ တစ်စ နီးကပ်လာတဲ့ အခြေအနေပေါ့။ ဒီအခြေအနေမှာ မင်းအောင်လှိုင်ကတော့ ခုနပြောသလို သွေးရူးသွေးတန်းနဲ့ ဂယောင်ခြောက်ခြားနဲ့ ပြောနေဆိုနေ ရေးနေတဲ့ အခြေအနေရောက်လာပါပြီ။

ဒါတွေ အားလုံးကလည်း ဘယ်သူမပြုမိမိမှု ဆိုသလိုပဲ မင်းအောင်လှိုင်ရဲ့ အာဏာရူးမှုကြောင့် မြန်မာ့ တပ်မတော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့အခြေအနေ မြောင်းထဲ ရောက်နေပြီဆိုတဲ့ အခြေအနေဖြစ်နေတာပါ။ ဒါကိုပဲ ကျွန်တော်အနေနဲ့ ဒီကနေ ပြောချင်ပါတယ်ခင်ဗျာ။

မေး။ ။ တရုတ်နိုင်ငံက ကြားဝင်ဖို့ကြိုးစားနေပေမယ့် စစ်ကောင်စီက မြောက်ပိုင်း ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာက မင်းအောင်လှိုင်အနေနဲ့ အဆုံးအထိမိုက်မယ်ဆိုတဲ့ သဘောလား ။

ဖြေ။ ။ ဟုတ်ကဲ့ မှန်တယ်ခင်ဗျာ။ ပြောရရင် မင်းအောင်လှိုင်ရဲ့ မိုက်ရူးရဲ ဆန်မှု ဆင်ခြင်တုံ့တရားကင်းမဲ့မှုတွေပါဗျ။ ပြောရရင် အရပ်သားစကားပြောရရင် အာဏာသာ ရူးတာ တိုင်းပြည်တစ်ခုကို အုပ်ချုပ်နိုင်တဲ့ အစိုးရလုပ်နိုင်တဲ့ အသိနဲ့ ဉာဏ်ပညာ အတတ်ပညာလုံးဝကင်းမဲ့တဲ့ အခြေအနေပါ။ အဲဒီတော့ တရုတ်အပါအဝင် တရုတ်က ငြိမ်းချမ်းရေးအတွက် တောက်လျှောက်ဖိအားပေးနေတာပဲ။ ညီနောင်တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်ကိုရော ။ သို့သော် ဒီကြားထဲကကိုပဲ မင်းအောင်လှိုင်ရဲ့ ယုတ်မာမှု အသိဉာဏ်နည်းမှုတွေကြောင့်ပဲ တိုင်းပြည်က ဒီအခြေအနေထိ ရောက်လာတယ်ဆိုတဲ့ အခြေအနေ။

ပြောရမယ်ဆိုရင်တော့ မင်းအောင်လှိုင်ကတော့ တစ်ဆုံးအထိသွားတော့မယ် တစ်ဆုံးထိမိုက်တော့မယ်ဆိုတဲ့ အခြေအနေပါ။ နောက်တစ်ခု အရေးကြီးတာက မင်းအောင်လှိုင်က သူနဲ့ အတူ တိုင်းပြည်တစ်ခုလုံး ဒီတပ်မတော် တစ်ရပ်လုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေ နိုင်ငံ့ဝန်ထမ်းတွေ အားလုံး အားလုံးကို ချောက်ထဲအထိ ဆွဲခေါ်နေတာနော်။ ဆွဲချနေတာ။

ဒါကို ကျွန်တော်တို့ ပြည်သူတွေ အားလုံး မြန်မာ့တပ်မတော်သားတွေ အားလုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ အားလုံး နိုင်ငံ့ဝန်ထမ်းတွေ အားလုံး နိုင်ငံရေးပါတီအားလုံးက သတိပြုဖို့ လိုတယ်။ မင်းအောင်လှိုင်တစ်ယောက် သမ္မတရူး ရူးရုံနဲ့ တစ်တိုင်းပြည်လုံး ဒုက္ခမျိုးစုံရောက်သွားတာပဲ ပြောရရင်။ အခုအာဏာသိမ်းလိုက်တယ်ဗျာ၊ ၃ နှစ်ကျော် ၄ နှစ်ရှိပြီ။ မြန်မာ့ တပ်မတော်အတွက် တကယ်တမ်း ဘာကောင်းသလဲ နောက်ဆုံး ခုန ကျွန်တော်တို့ ပြောတဲ့ တရုတ်နိုင်ငံအတွက်‌ရော ဘာကောင်းကျိုးရှိသလဲ မြန်မာနိုင်ငံအတွက် ဘာကောင်းကျိုးရှိသလဲ ။ ဘာကောင်းကျိုးမှ မရှိဘူး ကျွန်တော်တို့ အားလုံး ကြုံတွေ့ခံစားနေရတာ ဒုက္ခမျိုးစုံသောက်သောက်လဲ ရောက်နေရတာပဲ။ ဒါတွေ အားလုံးရဲ့ လက်သည်တရားခံက မင်းအောင်လှိုင် သမ္မတရူး ရူးလို့ အာဏာရူးလို့ ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းကြီး သဘောပေါက်ဖို့ လိုတယ်။

ဒါကြောင့် ဒီနေရာကနေ ဆက်စပ်လို့ ပြောချင်တာက မင်းအောင်လှိုင်သည် တရုတ် မြန်မာ နှစ်နိုင်ငံအတွက်လည်း ဘုံရန်သူ ဖြစ်တယ်။ အာဏာ ရှင်စနစ်သည် မြန်မာ့တပ်မတော် အပါအဝင် မြန်မာနိုင်ငံ တိုင်းသူပြည်သားအားလုံးရဲ့ ဘုံရန်သူ ဖြစ်တယ်။ မင်းအောင်လှိုင်သည် သူတစ်ယောက်တည်း အဆုံးအထိမိုက်ရုံတင်သာမက တစ်တိုင်းပြည်လုံးကိုလည်း ချောက်နက်ကြီးထဲ ဆွဲခေါ်နေတယ်၊ ဆွဲချနေတယ်။ ဒါကို ကျွန်တော်တို့ အားလုံးက လုံးဝလက်မခံဘဲနဲ့ အစွမ်းကုန် တုံ့ပြန်ကြဖို့ အချိန်ရောက်ပြီဆိုတာကိုလည်း ကျွန်တော် ဒီနေရာကနေ ထပ်လောင်းပြီးတော့ တင်ပြလိုပါတယ်။

မေး။ ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီကို ဖေးမနေတဲ့ မင်းအောင်လှိုင်ကို လက်ကမ်းကြိုနေတဲ့ တရုတ်ဗဟိုအစိုးရကို‌ရော ယူနန်ပြည်နယ် အစိုးရကိုရော လက်ရှိအချိန်မှာ တော်လှန်ရေးသမားတစ်ဦးအနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ ဒီအချိန်မှာ ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့ တရုတ်နိုင်ငံ အစိုးရ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူများကို အထူးအလေးအနက်သတင်းစကားတင်ပြလိုပါတယ်။ ပြည်သူ့ အသံကိုပေါ့ဗျာ ဖော်ထုတ်လိုတာတွေ ရှိပါတယ်။ ကျွန်တော်တို့ နားလည်ပါတယ် တရုတ် မြန်မာ နှစ်နိုင်ငံဆိုတာ နယ်နိမိတ်အားဖြင့် မိုင်ပေါင်း ၁၀၀၀ ကျော် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ ရပ်တည်နေထိုင်သွားရမယ့် နိုင်ငံ နှစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ဆိုးခြင်း ကောင်းခြင်းသည် တရုတ်နိုင်ငံအပေါ်မှာ အကျိုးသက်ရောက်မှု ရှိသလို တရုတ်နိုင်ငံရဲ့ ဆိုးခြင်းကောင်းပြစ် တွေဟာလည်း မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။

အဲဒီတော့ တရုတ်မြန်မာ နှစ်နိုင်ငံ အကျိုးစီးပွား အတူယှဉ်တွဲစွာ ဖွံ့ဖြိုးချင်တယ်၊ တိုးတက်ချင်တယ်၊ ကြွယ်ဝချင်တယ်၊ မြှင့်တင်ချင်တယ်ပေါ့ဗျာ။ အခု မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အခု မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွက်လည်း ဘာကောင်းကျိုးမှ မရှိသလို တရုတ်နိုင်ငံအတွက်ရော ဘာကောင်းသလဲဗျာ။ အခုတရုတ်နိုင်ငံပြောနေတဲ့ ကျားဖြန် အွန်လိုင်း လောင်းကစား လိမ်လည်မှုတွေ လူကုန်ကူးမှုတွေ မူးယစ်ဆေးဝါး နယ်စပ်ပြဿနာတွေ နယ်စပ်မတည်ငြိမ်မှု‌တွေ ဒါတွေ အားလုံးရဲ့ လက်သည် ဇာစ်မြစ်တရားခံသည် အာဏာသိမ်းမှု အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်။

ပြောချင်တာက မင်းအောင်လှိုင်နဲ့ အာဏာရှင်စနစ်သည် မြန်မာနိုင်ငံအတွက် ရန်သူဖြစ်ရုံသာမက တရုတ်နိုင်ငံအတွက်လည်း ကြီးမားသော ရန်သူဖြစ်ပါတယ်ဆိုတာကို ဒီနေရာကနေ တရုတ်နိုင်ငံ အစိုးရ တာဝန်ရှိသူများကို တင်ပြချင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ သမိုင်း ကြောင်းကို ပြန်ကြည့်လိုက်ရအောင်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရစနစ်၊ နိုင်ငံရေးစနစ်ရှိတဲ့အချိန်မှာ တရုတ် မြန်မာ နှစ်နိုင်ငံ တကယ့် စစ်မှန်တဲ့ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးဆိုတာ တည်ဆောက်နိုင်ခဲ့တာပါ။

ဥပမာ သာဓက တစ်ရပ် ပြီးခဲ့တဲ့ ကျွန်တော်တို့ ၂၀၁၅ ၊ ၂၀၂၀ NLD ပါတီ အစိုးရခေတ်၊ အလားတူ လွတ်လပ်ရေးရပြီးခါစ ဖဆပလ အစိုးရ ခေတ်မှာ တရုတ် မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် အားကောင်းခဲ့တယ်၊ ခိုင်မာခဲ့တယ်လို့ ကျွန်တော်တို့ မှတ်သားမိပါတယ်။ အဲဒါသည် ပြောရရင် မြန်မာနိုင်ငံမှာ ပြည်သူလူထု ထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ နိုင်ငံရေး စနစ် ၊ အစိုးရ စနစ်ရှိနေတဲ့အချိန်မှာပဲ တရုတ်နိုင်ငံ မြန်မာနိုင်ငံ ဆက်ဆံရေး ကောင်းစွာ တည်ဆောက်နိုင်ခဲ့တာပါ။ ဒီနေ့ မင်းအောင်လှိုင် အာဏာရူးလိုက်တဲ့အတွက် တရုတ်နိုင်ငံအတွက် ဘာကောင်းကျိုးမှ မရှိဘူး။

မင်းအောင်လှိုင် သက်ဆိုးရှည်သရွေ့ တရုတ်နိုင်ငံအတွက် ဘာကောင်းကျိုးမှ ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအတွက်သာမက တရုတ်နိုင်ငံအတွက်လည်း ရန်သူဖြစ်တယ်။ ဒါကြောင့် တရုတ်နိုင်ငံ အနေနဲ့ မင်းအောင်လှိုင် သက်ဆိုးရှည်အောင် မြန်မာ နိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ပံ့ပိုးကူညီဖေးမနေတဲ့ လုပ်ရပ်တွေ မှန်သမျှ အမြန်ဆုံး ရပ်တန်းက ရပ်စေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေကို မင်းအောင်လှိုင်သတ်ဖြတ်နေတဲ့ အပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ ပံ့ပိုးကူညီတဲ့အပေါ် ဓားခုတ်ရာ လက်ဝင်လျှိုတဲ့ သဘော အားပေးအားမြှောက်ပြုတယ်ဆိုတဲ့ ပုံစံမျိုး လုံးဝ မလုပ်စေချင်ပါဘူး။ တရုတ် မြန်မာ နှစ်နိုင်ငံ အနာဂတ်အတွက် ဖိနှိပ်ခံပြည်သူများနှင့် အတူရပ်တည်ပါလို့ ဒီနေရာကနေ မြန်မာပြည်သူတွေ ကိုယ်စား တရုတ်နိုင်ငံ တာဝန်ရှိသူများကို ကျွန်တော်တို့ သတင်းစကားပါးလိုက်ပါတယ် ခင်ဗျာ။

မေး။ ။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာတော့ တစ်ဖက်မှာလည်း NUG ကနေပြီးတော့ စစ်ကောင်စီကို နိုင်ငံတော်ရဲ့ ရန်သူ Enemy of the State အဖြစ် ကြေညာလိုက်တယ်ဆိုတော့ ဒီလိုမျိုး ကြေညာမှုတွေက မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ NUG နဲ့ ပြည်သူလူထုနဲ့ ပိုပြီးတော့ နွေးနွေးထွေးထွေးနဲ့ စည်းလုံးစေတဲ့ အခြေအနေကို ရောက်လာမယ့် အနေအထားလို့ ပြောလို့ ရမလားဗျ။

ဖြေ။ ။ မှန်ပါတယ်ခင်ဗျ။ ပြောရရင် တကယ်တမ်း အကြမ်းဖက်နေတာ၊ တကယ်တမ်း လူထုကို ဒုက္ခပေးနေတာ ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းလဲ ဒါ ကျွန်တော်တို့ အားလုံး ပြည်သူအားလုံး သိတယ်ဗျာ။ ကျွန်တော်တို့ အခု တော်လှန်ရေး နယ်မြေ တိုင်းရင်းသားနယ်မြေတွေမှာ ရွာလုံးကျွတ် မြို့လုံးကျွတ်မီးရှို့နေတာ ဘယ်အဖွဲ့က ရှို့တာလဲ ဘယ်သူတွေက လက်နက်မဲ့ပြည်သူကို သတ်ဖြတ်နေတာလဲ ။

၂၀၂၁ အာဏာ သိမ်းပြီးစ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မပါတဲ့ လမ်းမထက်က ပြည်သူတွေကို ဘယ်သူတွေက သေနတ်အစစ် ကျည်စစ် ကျည်မှန် တွေနဲ့ ခေါင်းတွေချည်း တည့်တည့်ပစ်ခဲ့တာလဲ။ ဘယ်သူတွေက ဆန္ဒပြ ပြည်သူတွေကို ကားနဲ့တိုက်သတ်ခဲ့တာလဲ။ ဖအေမတွေ့လို့ သားကို ဖမ်းတယ်။သမီးကို မတွေ့လို့ မအေကို ဖမ်းတယ်ဆိုတာ ဘယ်သူတွေက ဖမ်းခဲ့တာလဲ။

ပြောချင်တာက တကယ့် တစ်နိုင်ငံလုံးကို လူထုတစ်ရပ်လုံးကို တိုင်းရင်းသားလူမျိုးပေါင်းစုံကို တကယ့် အကြမ်းဖက်နေတာက မင်းအောင်လှိုင် စကစပဲ ဖြစ်တယ်။ ဒီအာဏာရူးပဲ ဖြစ်တယ်။ ဒီအာဏာရူးကို မလွှဲမရှောင်သာ ကျွန်တော်တို့ ခုခံတွန်းလှံကြရတယ်ပေါ့ဗျာ။ ဒါ ပြည်သူတွေ တရားမျှတတဲ့ စစ် ၊ ခုခံစစ်ကို ကျွန်တော်တို့အနေနဲ့ ဖော်ဆောင်နေတာဖြစ်တယ်။ ကျွန်တော်တို့သည် အကြောင်းမဲ့လူသတ်ချင်လို့ သွေးဆာနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံး ထာဝရ တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ရာအတွက် အခု ရေတိုခဏမှာ ခုခံတွန်းလှန်စစ် ကျွန်တော်တို့ ဖော်ဆောင်နေကြတာ ဖြစ်တယ်။ အဲဒီတော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အတူ ကျွန်တော်လူထုရဲ့ ခုခံတွန်းလှန်စစ်ကလည်းပဲ အခုဆိုရင် အရှိန်အဟုန်ကောင်းစွာရနေပြီ ရှေ့ကို ချီတက်နေပြီ။

ဒီအချိန်မှာတော့ မင်းအောင်လှိုင်ရဲ့‌ နေဝင်ချိန်တွေ၊ အာဏာရှင်စနစ်ရဲ့ ကျဆုံးဖို့ အခြေအနေတွေကလည်း တစ်စ တစ်စ ပိုပြီးတော့ နီးကပ်လာတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ အမြဲတမ်းပြောပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ အဖွဲ့အစည်း အသီးသီးရဲ့ ရန်သူက တစ်ခုတည်းပဲ ရှိတယ်။ တစ်စုတစ်ဖွဲ့တည်းရှိတယ်။ ဒါကတော့ အာဏာရှင်စနစ် မအလ စစ်ကောင်စီပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးသည် တစ်သွေးတည်း တစ်သားတည်း ရဲဘော်ရဲဘက်တွေ ဖြစ်တယ်။ တစ်လှေတည်းစီး တစ်ခရီးတည်းသွား အတူ တိုက်ပွဲဝင် ရဲဘော်ရဲဖက်တွေသာဖြစ်တယ်၊ တိုင်းရင်းသားအဖွဲ့အသီးသီးတွေ ရှိမယ်၊ NUG ကျွန်တော်တို့ရဲ့ တော်လှန်ရေးအစိုးရရှိမယ်။

အလားတူ ပြည်သူအားလုံးသည် ရဲဘော်ရဲဘက်များဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အပြန်အလှန်ကျောချင်းကပ် ရင်ချင်းအပ်ပြီးတော့ မပြီးဆုံးသေးတဲ့ တော်လှန်ရေး ခရီးကို အတူဆက်လက်ပြီးတော့ အရှိန်အဟုန်မြှင့်တင်ဖော်ဆောင်သွားဖို့ပဲ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘုံရန်သူသည် မအလ အာဏာရူးတာသာ ဖြစ်တယ်။ စစ်အာဏာရှင်စနစ်သာဖြစ်တယ်လို့ ဒီကနေ ထပ်လောင်း တင်ပြလိုပါတယ် ခင်ဗျာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article