ရန်ကုန်၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို ကာကွယ်ရေး အတွက် အသက် ၃၅ နှစ်မှ အသက် ၆၀ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားများဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် စစ်တပ်က လိုက်လံစည်းရုံးနေပြီး တစ်ရပ်ကွက်လျှင် လူ ၁၀ ဦး စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကောင်စီက အသက် ၃၅ မှ ၆၀ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားများကို ပြည်သူ့လုံခြုံရေးအဖွဲ့ (ခေါ်) ပျူစောထီး အဖွဲ့ထဲသို့ ထဲဝင်ရန် စည်းရုံးနေကြောင်း၊ ရပ်ကွက်အလိုက် ၁၀ ဦးစီ စုဆောင်းနေပြီး ယူနီဖောင်းထုတ်ပေးမည်ဖြစ်ကြောင်း၊ လစာနှင့် ရိက္ခာများလည်း ပေးမည်ဟု ပြောဆိုကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“ပြင်ဦးလွင်မြို့မှာ အခု ထူးခြားမှုကတော့ ရပ်ကွက်အလိုက် အသက် ၃၅ နှစ်ကနေ ၆၀ အထိကို အမျိုးသားတွေကို ပြည်သူ့စစ် အဖွဲ့ မရရအောင် စည်းရုံးဖို့ရယ်၊ ပြည်သူ့စစ်ယူနီဖောင်း ထုတ်ပေးမယ်၊ လက်ထိပ်ထုတ်ပေးမယ်၊ လက်နက်ထုတ်ပေးမယ်ဆိုပြီး ရပ်ကွက်အလိုက်ကို တစ်ရပ်ကွက်ကို ၁၀ ယောက်လောက် ပေးရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့တွင်းတွင် အကြမ်းဖက်စစ်သားများ ခြေရှုပ်နေခြင်း မရှိတော့ဘဲ သတင်းရသည့်နေရာများကိုသာ ဖမ်းဆီးရှာဖွေခြင်းများ လုပ်ဆောင်နေကြောင်း၊ ဧည့်စာရင်းစစ်မှုများကိုမူ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
စစ်ကောင်စီက ပြင်ဦးလွင်မြို့ ကို ကာကွယ်ရေးအတွက် ပြည်သူ့စစ်များကို စုဆောင်းထားနေသည့်အပြင် စစ်မှုထမ်းသင်တန်းဆင်း တပ် သားသစ်များဖြင့်လည်း အင်အားများ ဖြည့်တင်းထားကြောင်း၊ လတ်တလော ပြင်ဦးလွင်နှင့်နောင်ချိုမြို့ အစပ်ရှိ တောင်ခမ်းကျေးရွာမှ စစ်တပ်၏ အမြောက်တပ်ရင်းများ မကျဆုံးစေရေး အပြင်းအထန် ခုခံနေကြောင်း သိရှိရသည်။
ဓာတ်ပုံ – ယခုနှစ် ဇွန်လတွင် ပြင်ဦးလွင်ရှိ ပြည်သူ့စစ်များကို စစ်တပ်က လက်နက်တပ်ဆင်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar