32 C
Yangon

မဲဆောက်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုအပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် NUG ထံသို့ လူထုလက်မှတ် ၁၆၇၉ ခုနှင့်အတူ အိတ်ဖွင့်စာပေးပို့

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံသို့ လူထုလက်မှတ် ၁၆၇၉ ခုနှင့်အတူ အိတ်ဖွင့်စာပေးပို့ပေးလိုက်ကြောင်း အဆိုပါအမှု အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားနေသူ မထိပ်ထားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လွန်ခဲ့သော တစ်နှစ်ကျော်ကာလကတည်းက ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု ဖြစ်ရပ်တွင် နစ်နာခဲ့ရသူ ကလေးငယ် Alice လေးအတွက် တရားမျှတမှုနှင့် ပံ့ပိုးမှု ရရှိရန်လိုအပ်နေသဖြင့် ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့ NUG အစိုးရထံသို့ အိတ်ဖွင့်စာပေးပို့ခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် ဧပြီလ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် အသက် ၅ နှစ်အရွယ် သမီးငယ်လေး တစ်ဦးကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီး ဓမ္မတာနှင့် ဆန့်ကျင်ကျူးလွန်မှုအပေါ် ချက်ချင်း အရေးယူဆောင်ရွက်ပေးပါရန် နယ်ပယ်ဒေသအသီးသီးမှ ပြည်သူ ၁၆၇၉ ဦး လက်မှတ်ရေးထိုးတောင်းဆိုမှုနှင့်အတူ အိတ်ဖွင့် ပေးစာကို NUG ထံသို့ ပေးပို့ထားကြောင်း ၊ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာရသည့် တက္ကသိုလ် CDM ဆရာမတစ်ဦး၏ အသက် ၅ နှစ်အရွယ် သမီးငယ်ကို အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း၊ အဆိုပါ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအတွက် တရားမျှတမှုကို အလျှင်အမြန် ဖော်ဆောင် ပေးရန်နှင့် ကျူးလွန်ခံရသည့် ကလေးငယ်နှင့် မိသားစုကို လုံလောက်သော ပံ့ပိုးကူညီမှုများ NUG က ပေးအပ်ရန် အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

“တစ်နှစ်ကျော်ကာလ ကြာမြင့်နေပြီဖြစ်တဲ့အတွက် အမှုမှန်မပေါ်ပေါက်လာမှာကို စိုးရိမ်မှုရှိပါတယ်။ အရှေ့မှာလည်း ဖမ်းမိပြီး KNU လက်ကနေ ပြန်ထုတ်လာတယ်။ ပြီးတော့ ပြန်လွတ်သွားတယ်ဆိုတဲ့ သာဓကတွေရှိတော့ ရသမျှနည်းလမ်းအကုန်လုံးနဲ့ မတရားမှုတစ်ခုကို ဖော်ထုတ်ချင်တာပါ။ လက်ရှိမှာ အစိုးရိမ်ရဆုံးကိစ္စက နစ်နာသူကလေးနဲ့ မိခင်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးက အတော်ကို ထိခိုက်နေပါပြီ။ သူတို့လုံခြုံရေးဆိုရင်လည်း ဘယ်သူမှ ကာကွယ်ပေးနေတာ စောင့်ရှောက်ပေးနေတာ မရှိနေပါဘူး။ ဒါတွေကြောင့် ပြည်သူအများရဲ့ အသံတွေအားလုံးကို စုစည်းပြီး အိတ်ဖွင့်စာပေးပို့ခဲ့တာပါ” ဟု အမှုပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်နေသည့် တက်ကြွလှုပ်ရှားသူ မထိပ်ထားက ပြောပါသည်။

အဆိုပါ အမှုကိစ္စကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ အမျိုးသမီးနှင့် ကလေးသူငယ် ဝန်ကြီးဌာန နှင့် ကလေးမြို့နယ် ပြည်သူ့ရဲ့တပ်ဖွဲ့(တောင်ပိုင်း)တွင် (ပ)၁၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၇ ဖြင့် တရားလိုပြုအမှုဖွင့်လှစ်ခဲ့သော်လည်း လုံလောက်ပြီး အဓိပ္ပါယ် ပြည့်ဝသည့် အရေးယူမှုမျိုး မရှိသေးဟု အိတ်ဖွင့်ပေးစာက ထောက်ပြထားသည်။

သမီးငယ် မတရားပြုကျင့်ခံရမှုအတွက် တရားမျှတမှု မရရှိသည့်အပြင် ကျူးလွန်ခံရသူများကို နှုတ်ပိတ်ရန် ကြိုးပမ်းခြင်း၊ ကလေးငယ်ကို လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မပေးခြင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်ရန်အတွက် သင့်တော်မှန်ကန်သည့် ပံ့ပိုးကူညီမှုများ မရရှိကြောင်း သိရှိရသည်။

နစ်နာသူ Alice မိခင် ဒေါက်တာစု(အမည်လွှဲ)က “ ဒီအမှုက ကာယကံရှင်တစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ ကိစ္စလို့ထင်ရပေမယ့် ဒါဟာ လူ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ သားသားမီးမီးတွေအတွက် မှန်ကန်တဲ့ဥပဒေလွှမ်းမိုးမှု မရှိနိုင်ရင် ကျူးလွန်သူကို ထိုက်သင့်တဲ့ အရေးယူမှု ကင်းလွတ်နေရင်၊ နောက်ထပ် နောက်သော လူ့အဖွဲ့အစည်းက သက်မပြည့်သေးတဲ့ ကလေးငယ်တွေအတွက် မလုံခြုံမှုတွေ ရှိလာမှာဖြစ်တဲ့အတွက် ဒါဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာအဖြစ် သိစေချင်ပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

ကလေးမိခင် ဒေါက်တာစု(အမည်လွှဲ) သည် လက်ရှိတွင် ထိုင်းနိုင်ငံ၌ အိမ်အကူအလုပ်ဖြင့် မိသားစုစားဝတ်နေရေးကိုဖြေရှင်းလျက်ရှိပြီး ကလေးနှင့်အတူ ထိုင်းနိုင်ငံတွင်နေထိုင်လ်က်ရှိကြောင်း၊ အမှန်တရားရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အိတ်ဖွင့်ပေးစာတွင် တရားမျှတမှုကို ချက်ချင်း ရရှိစေရန် – ပြစ်မှုကျူးလွန်သူ ဦးအောင်မင်းကို တရားစွဲဆိုမှုများ အရှိန်မြှင့်ပြီး တရားမျှတမှုရရှိစေရေး အလျင်အမြန် ဆောင်ရွက်ပေးပါရန်၊ ကလေးငယ်နှင့် မိသားစုကို ချက်ချင်း အကာအကွယ်ပေးရန်။ ၎င်းတို့အား မည်သည့် အန္တရာယ်နှင့် ခြိမ်းခြောက်မှု သို့မဟုတ် နောက်ထပ် ထိခိုက်မှုများမှ အကာအကွယ်ပေးရမည်‌ဖြစ်ပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ပေးအပ်ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

ထို့ပြင် ဘက်စုံပံ့ပိုးကူညီပေးမှုအနေဖြင့် ကလေးအတွက် ဒဏ်ရာနှင့် စိတ်ဒဏ်ရာများကို ဖြေရှင်းရန်အတွက် ဆေးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ စောင့် ရှောက်မှုအတွက် အရေးပေါ်စီစဉ်ပေးပါရန်။ ကလေး၏ ကျန်းမာရေးနှင့် ပြန်လည်ကောင်းမွန်လာရေးသည် ထိပ်တန်းဦးစားပေးရန်၊ ပွင့်လင်း မြင် သာမှုနှင့် တာဝန်ခံမှု ရှိရေး စုံစမ်းစစ်ဆေးမှုနှင့် အရေးယူဆောင်ရွက်မှုများ၏ အပြောင်းအလဲ တိုးတက်မှုအပေါ် အများသူငှာကို ပုံမှန် အသိပေးရန်တို့ကိုလည်း အိတ်ဖွင့်ပေးစာက တောင်းဆိုထားသည်။

အလားတူ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ အစီအမံများ ခိုင်မာ အား ကောင်းရန် – ယခု ဖြစ်ရပ် ကဲ့သို့သော ရာဇ၀တ်မှုများကို တားဆီးရန်နှင့် ကလေး သူငယ်များကို ကာကွယ်ရန် ခိုင်မာသော အစီအမံများကို အကောင် အထည်ဖော်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယခုဖြစ်ရပ်သည် ထိခိုက်လွယ်သော ကလေးသူငယ်များအပေါ် အကာအကွယ် ပေးရန် ပျက်ကွက်မှုကို မီးမောင်းထိုး ဖော်ပြလျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူကို တာဝန်ခံစေရန်နှင့် ကလေးငယ်နှင့် မိသားစုအတွက် လိုအပ်နေသော တရားမျှတမှု၊ ပံ့ပိုးမှုနှင့် အကာအကွယ်များ ရရှိကြောင်း သေချာစေရန်အတွက် ပြတ်ပြတ်သား သားလုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကို တောင်းဆိုထားသည်။

လက်ရှိတွင် အမှုမှာ ၁ နှစ်ကျော်ကြာနေပြီဖြစ်သည့်အတွက် အရေးယူမှုများကို ချက်ချင်းဆောင်ရွက်ရန်အချိန်ရောက်ပြီဖြစ်ကြောင်း၊ ထိခိုက်ခံစားရသည့် နစ်နာသူများအနေဖြင့် တရားမျှတမှုနှင့် ပံ့ပိုးကူညီမှုများ ရရှိရန်အတွက် ကြာမြင့်စွာစောင့်ဆိုင်းနေရခြင်းမှာ မဖြစ်သင့်ကြောင်း၊ အဆိုပါ ဖြစ်ရပ်ကို ထိရောက်စွာ အရေးယူခြင်းဖြင့် ကလေးများအားလုံး၏ အခွင့်အရေးနှင့် လုံခြုံမှုကို ကာကွယ်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၏ ကတိကဝတ်ကို ပြသရန် ပြည်သူ ၁၆၇၉ ဦးက အိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုး တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article