30 C
Yangon

မဒေါင်းလှရွာ ပျူစောထီးစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ရဲဘော် ၁၁ ဦး ကျဆုံး

Must read

စစ်တပ်က ကျေးရွာ ၁၃ ရွာကို ၁၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော် ပျက်စီးပြီး ပြည်သူ ၁ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရကာ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာ ပျူစောထီးစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် မဒေါင်းလှရွာ ပျူစောထီး စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နေ့တွင် စစ်ကူလာသည့် ခြေလျင် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၈ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ ဝါသဝ လက်အောက်ခံ ပျူစောထီးများနှင့် ကန့်ဘလူ သကြားစက်ရှိ အကြမ်းဖက် စစ်သားများ ပူးပေါင်းထားသော အင်အား ၁၇၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခိုက်မှု အပါအဝင် ဆက်တိုက် ခြေလျင်စစ်ကြောင်း ထိုးခြင်းကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသ ပြည်သူပေါင်း ၁ သောင်းကျော် မိုးစပါး စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၃၁ ရက်နေ့မှ စ၍ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ထိ ငကြိုင်း၊ အင်ကြင်းပင်၊ ပေါက်တော၊ စောကြီး၊ သနပ်စိန်၊ တဲကြီး၊ ဖန်းခါးကုန်း၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ စည်ပုတ္တရာ ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က ဂျပို့၊ ပေါက်သင့်တုံ၊ စည်ပုတ္တရာ ကျေးရွာတို့ကို စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး မဒေါင်းကြီး ရွှေကာ ကျေးရွာအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထောက်လှမ်းနေသော LDF ရဲဘော် ၃ ဦးကိုလည်း ကျေးရွာထိပ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ထားခဲ့ကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် မဒေါင်းကြီးနှင့် ရွှေကာ ကျေးရွာ ပတ်ဝန်းကျင်းရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းလှုပ်ရှားသည်ဟု ထင်ရသောကြောင့် မီးရှို့ခံထားရသည့် ကျေးရွာ ၁၃ ရွာအပြင် သရက်ကန်၊ ပြေကုန်း၊ ပင်တင်း စသည့် ကျေးရွာများမှ ဒေသ ပြည်သူများပါ ဆက်လက် တိမ်း‌ရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများသည် နေ့စဉ်ရက်ဆက်များပြားနေသောကြောင့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင် မိခင်များဟာ နေစရာစားစရာ အဓိက အခက်အခဲဖြစ်နေမှုများကို တတ်နိုင်သမျှ ပြည်သူများအနေဖြင့် ဝန်းရံထောက်ပံ့ပေးကြရန် တိုက်တွန်းမေတ္တာရပ်ခံကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article