28 C
Yangon

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် မြစ်၊ ချောင်းများ ရေကြီးခြင်း၊ တောင်ကျချောင်းရေများ တိုက်စားခြင်းများကြောင့် ပြည်သူများ ရေဘေးဒုက္ခအကြီးအကျယ်ကြုံနေရ

Must read

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် မြစ်၊ ချောင်းများ ရေကြီးခြင်း၊ တောင်ကျချောင်းရေများ တိုက်စားခြင်းများကြောင့် ပြည်သူများ ရေဘေးဒုက္ခအကြီးအကျယ်ကြုံနေရ

ရန်ကုန်၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် မြစ်၊ ချောင်းများ ရေကြီးခြင်း၊ တောင်ကျချောင်းရေများ တိုက်စားခြင်းများကြောင့် ပြည်သူများ ရေဘေးဒုက္ခအကြီးအကျယ်ကြုံနေရကြောင်း သိရှိရသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေမြင့်တက်ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ပဲခူးမြစ်ရေသည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် အထက် သို့ ၁ စင်တီမီတာကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ၂ ပေခွဲ မြင့်တက်နိုင်ကြောင်း၊ စစ်တောင်းမြစ်ရေသည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ စင်တီမီတာ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကြောင်း ၊ ပဲခူးမြို့နှင့် တောင်ငူမြို့တို့တွင် ရေကြီးမည့် အခြေအနေရှိနေကြောင်း မိုးလေဝသဇနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ချက်ထုတ်ပြန်သည်။

စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးက ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့်ဒေသများတွင် မိုးရွာသွန်းမှုများပြားလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိကြောင်း၊ ထို့ကြောင့်ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများ၊ ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ်သတိပြုကြရန် သတိပေးချက်ထုတ်ပြန်သည်။

လက်ရှိ အနေအထားတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်းမြို့တို့တွင် တောင်ကျချောင်းရေကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ ကြောင်း သိရှိရသည်။

“အောင်ပန်းနဲ့ကလောဆိုတာ ရေကြီးတဲ့မြို့တွေမဟုတ်ဘူးလေ။ အခုတော့ အောင်ပန်း အောက်စျေးနဲ့ဘူတာနားမှ နေရာတိုင်း ရေမြုပ်နေတယ်။ ကလောမှာလည်း နေရာတိုင်းရေတွေကြီးနေတယ်။ ကလောစျေးပါ ရေနစ်နေတယ်။ ဖုန်းလိုင်းတွေလည်းရတစ်ချက်၊ မရတစ်ချက်ဖြစ်နေတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်လည်း မိုးသည်ထန်စွာရွာသွန်းသဖြင့် တာချီလိတ် – မိုင်းဆတ် လမ်းပိုင်းရှိ တံတားတစ်စင်းနှင့် တာချီလိတ်မြို့အဝင်ရှိ တံတာတစ်စင်း ယမန်နေ့ညပိုင်း ရေစီးကြောင့် ကျိုးကျသွားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားသံအုပ်စု နောင်ဆိုင်ရွာတွင်လည်း တောင်ကျချောင်းရေကြောင့် နေအိမ်နှင့် စာသင်ကျောင်းများပျက်စီးပြီး ရွာအတွင်းသို့ ရွံ့နွံ့များ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ဘားအံမြို့၊ မွန်ပြည်နယ်၊ ဘီးလင်းနှင့်သထုံမြို့နယ်၊ နေပြည်တော်၊ တပ်ကုန်းနှင့်ပျဉ်းမနား၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် မိုင်းဖြတ်မြို့၊ ကျိုင်းတုံမြို့များ၊ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တို့တွင် ယနေ့တွင် ရေကြီးမှုများ အကြီးအကျယ်ကြုံတွေ့နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article