27 C
Yangon

ဧရာ၀တီတိုင်း၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချကာ တပ်သားသစ်များအဖြစ် စုဆောင်း ၊ ကွမ်းခြံကုန်းတွင်လည်း စစ်တပ်က ဖုန်းများ စစ်ဆေးပြီး ငွေခြိမ်းခြောက်တောင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်က မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာ မပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှ ဆွဲချဖမ်းဆီးပြီး စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် စုဆောင်းမှုများရှိနေကြောင်း မျက်မြင်ကြုံတွေ့ရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ကျုံပျော်မြို့နယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ခရီးသည်တင်ကားကို စစ်တပ် အပါအဝင် ပူးပေါင်းအဖွဲ့က ညောင်တုန်းမြို့နယ်၊ ပန်းတိုင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးကြောင်း၊ ခရီးသည်များအားလုံး မှတ်ပုံတင်များ၊ မှတ်ပုံတင်မရှိသူများက ခရီးသွားထောက်ခံစာများ ပြသရကြောင်း၊ ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသော ကျုံပျော်မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုမှ အသက် ၂၃ နှစ်အရွယ် လူငယ်သည် မှတ်ပုံတင် ပြသနိုင်ခြင်းမရှိဘဲ ခရီးသွားထောက်ခံစာလည်း မပြသနိုင်ကြောင်း၊ ထို့ကြောင့် စစ်တပ်နှင့်ရဲများက အဆိုပါ လူငယ်ကို ကားပေါ်မှ ဆွဲခေါ်သွားခဲ့ကြောင်း၊ သက်ဆိုင်ရာ မိဘများထံသို့ ဆက်သွယ်ခိုင်းသော်လည်း ဆက်သွယ်မရသဖြင့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးစခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“မှတ်ပုံတင်လည်း မပါဘူး။ ခရီးသွားထောက်ခံစာလည်း မပါဘူး။ အဲဒီလူငယ်က ကျုံပျော်မြို့ကနေ ခရီးသွားကားပေါ်တက် လိုက်လာတာ။ ရန်ကုန်အတက် ညောင်တုန်း၊ ပန်းတိုင်စစ်ဆေးရေးဂိတ်မှာ ဘာမှ မပြနိုင်လို့ ဆွဲချသွားတယ်။ နောက်တော့ တပ်သားစုဆောင်းရေး ခေါ်ဆောင်သွားတယ်လို့ သိရတယ်။ လူငယ်က သူက ကျုံပျော်မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုကလို့ သိရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့တွင်လည်း မြို့အဝင်တွင် စစ်တပ်က ဂိတ်ချ စစ်ဆေးပြီး ဖုန်းအတွင်း ၂ လုံး၊ ၃ လုံး နှင့်ဘောလုံးလောင်းကစားနှင့်သက်ဆိုင်သည်များ တွေ့ရှိသည်ဆိုကာ ပြည်သူများထံမှ ငွေညှစ်မှုများဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကွမ်းခြံကုန်းမြို့ပေါ်သို့ စျေးဝယ်တက်လာသည့် ပြည်သူတချို့ကို စစ်တပ်က ဖုန်းစစ်ဆေးမည်ဟုဆိုကာ စစ်ဆေးစဉ် လောင်းကစားနှင့် ချဲထီများ တွေ့ရှိသည်ဟုဆိုကာ ငွေကျပ် ၅ သိန်း တောင်းခံ ငွေညှစ်ကြောင်း သိရှိရသည်။

“အရင်တုန်းက နိုင်ငံရေး၊ VPN နဲ့ပြပြီး ငွေတောင်းတာ။ အခုနောက်ပိုင်း အဲဒါတွေကလည်း သိပ်ပြီးတော့ မတွေ့ရတော့ဘူး။ ပြည်သူတွေကလည်း အပြင်ထွက်မယ်ဆိုရင် VPN ဖြုတ်တယ်။ နိုင်ငံရေးနဲ့သက်ဆိုင်တာတွေ အကုန်ရှင်းပြီးမှ ထွက်ကြတာ။ အဲဒီတော့ ၂ လုံးထီ၊ ၃ လုံးထီ၊ ဘောလုံးလောင်းကစားနဲ့ပတ်သက်တာတွေ တွေ့တယ်ဆိုပြီး ငွေညှစ်နေတာပဲ။ ပေးရတာပဲ” ဟု ငွေပေးခဲ့ရသူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article