31 C
Yangon

ဆိုင်းတောင်တွင် စစ်တပ်က ပြည်သူ့နေအိမ်များကို မီးဆက်လက်ရှို့နေပြီး ပြည်သူ့နေအိမ် ၁၀၀ ကျော်ပြာကျ၊ စစ်သားများနှင့် ပြည်သူများ အပါအဝင် အလောင်း ၂၅ လောင်းတွေ့ရှိရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ဆိုင်းတောင်တွင် စစ်တပ်က ပြည်သူ့နေအိမ်များကို ယနေ့ မီးဆက်လက်ရှို့နေပြီး ပြည်သူ့နေအိမ် ၁၀၀ ကျော်ပြာကျသွားကာ စစ်သားများနှင့် ပြည်သူများ၏ အလောင်းများကိုလည်း တွေ့ရှိနေရကြောင်း ဆိုင်းတောင်ဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၄ ရက်နေ့မှစတင်ပြီး ဖားကန့်မြို့နယ်၊ ကျန်ဂပ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများသည် ဆိုင်းတောင်ဘက်သို့ ကူးစက်လာခဲ့ကြောင်း၊ စက်တင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီအချိန် ဆိုင်းတောင်ရွာထဲသို့ အကြမ်း ဖက်စစ်သားများ စစ်ကြောင်းထိုး ဝင်ရောက်ကာ ဆိုင်းတောင် မီးသတ်ရုံး၊ Lucky Man ဟိုတယ်နှင့် ဟိုတယ်ရှေ့ ဈေးထဲတွင် တပ်စွဲ နေရာယူခဲ့ကြောင်း၊ ယင်းနောက် လက်နက်ကြီးများပစ်ခတ်ခြင်း သေနတ်များနှင့် ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်း အကြမ်း ဖက်စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဆိုင်းတောင် ရဲစခန်းကို သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

“မနေ့ကလည်း စစ်ခွေးတွေက ဆိုင်းတောင်ထဲမှာ မီးတွေရှို့တာ။ Lucky Man ဟိုတယ်နားက အိမ်ခြေ ၁၀၀ ကျော်ပြာကျတယ်။ ဒီနေ့လည်း စစ်ခွေး လက်ကျန်ကောင်တွေက မီးတွေ ဆက်ရှို့နေတုန်းပဲ။ ဖားကန့်ဗျူဟာကုန်းကလည်း လက်နက်ကြီးတွေ ပစ်တယ်။ အခြေအနေကတော့ပစ်ခတ်မှုတွေ ဖြစ်နေတုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လတ်တလောတွင် ဆိုင်းတောင်ဘက်တွင် အလောင်းများစွာ တွေ့ရှိရပြီး စစ်သားများနှင့် ပြည်သူများ၏ အလောင်း စုစုပေါင်း ၂၅ လောင်းတွေ့ရှိရကြောင်း သိရှိရသည်။

“တာမခန်ဘက်ကို ဥရုချောင်းအတိုင်း အလောင်း ၈ လောင်း မျောလာတယ်။ စစ်ခွေးအလောင်းက ၂ လောင်းပါတယ်။ ကျန်တာက ပြည်သူတွေပဲ။ အလောင်းတွေမှာ ကြိုးတွေချည်ထားတယ်။ နှိပ်စက်ပြီး သတ်ထားတာ။ ကျောက်သွေးတောင်ဘက်မှာ စစ်ခွေးအလောင်း ၆ လောင်းရှိနေတယ်။ နောက်ပြီး ပစ်သတ်ခံရထားတဲ့ ပြည်သူ ၁ ဦး အလောင်းလည်းရှိတယ်။ နောက်တစ်ခါ Lucky Man ဟိုတယ်ဘက်မှာ ပစ်သတ်ခံထားရတဲ့ ပြည်သူ့ အလောင်း ၇ လောင်းရှိတယ်။ ဖားပြင်မှာ ဥရုချောင်းဘက်မှာလည်း စစ်တပ်က ပစ်လိုက်တာ ပြည်သူ ၁ ဦးသေတယ်။ ၂ ဦးဒဏ်ရာရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဆိုင်းတောင်ရဲစခန်း သိမ်းတိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ အများအပြား သေဆုံးပြီး အရှင်ဖမ်းဆီးရရှိသူများလည်းများပြား ကြောင်း၊ KIA နှင့် PDF ပူးပေါင်းတပ်များက ဆိုင်းတောင်ကို အပြည့်အ၀ ထိန်းချုပ်နိုင်ရေး ဆက်လက် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ ဆိုင်းတောင်တွင် စစ်တပ်က ပြည်သူများ၏ နေအိမ်များကို ဆက်လက် မီးရှို့နေမှု မြင်ကွင်း၊ Lucky Man ဟိုတယ်တွင် ပြည်သူများကို ဖမ်းဆီးခဲ့မှု မြင်ကွင်းနှင့် ပစ်သတ်ခဲ့သည့်မြင်ကွင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article