29 C
Yangon

ရန်ကုန်-မန္တလေး အမြန်လမ်း ရေကျော်လာသဖြင့် ကားအသွားအလာ ယာယီရပ်တန့်သွားပြီး ကားများ ပိတ်မိနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရန်ကုန်-မန္တလေးအမြန်လမ်း၊ တံတားဦးမြို့နယ်အပိုင် မိုင်တိုင်အမှတ် ၃၅၆ မှ စတင်၍ ရေများ ဝင်ရောက်လာသဖြင့် ကားအသွားအလာများ ယာယီ ရပ်တန့်သွားကြောင်း အဆိုပါ အမြန်လမ်းပေါ်တွင် ရောက်ရှိနေသည့် ကားသမားများ လူမှုကွန်ရက်မှတစ်ဆင့် မျှဝေထားသည်။

“မနက် ၁၁ နာရီလောက်တုန်းက အဲဒီလောက် ရေမများသေးဘူး။ အခု မွန်းလွဲ ၁ နာရီကျော်ကစပြီး ရေတွေက အကုန်ဝင်ချလာတာ။ အခုက ကားလမ်း နှစ်ဖက်စလုံးကို ရေကျော်သွားပြီ။ ခြေသလုံးလောက်တော့ရှိနေတယ်။ ရေကစီးတယ်။ ကားတွေတော့ တစ်လမ်းထဲမှာ အသွားရော အပြန်ရော ခေါင်းချင်းဆိုင် နားလည်မှုနဲ့မောင်းနေရတယ်။ အရှေ့ဘက်အခြမ်းက လမ်းက လုံး၀ ရေမြုပ်သွားပြီ။ လမ်းတစ်ခြမ်းကိုပဲ အသွားအပြန် သုံးနေရတာ။ အခုတော့ ဆက်မမောင်းရဲကြတော့လို့ ရပ်ထားရတယ်” ဟု အမြန်လမ်းပေါ်တွင် ရောက်ရှိနေသည့် ကားသမား တစ်ဦးက ဖေ့ဘုတ်စ် မက်ဆင်ဂျာမှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဖြေကြားသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇ တစ်၀ိုက်တွင် ရေများ ကျော်နေပြီဖြစ်ကြောင်း၊ အမြန်လမ်းဘေးမှ ကျေးရွာများမှာ ရေမြုပ်နေ၍ မြေအမြင့်ပိုင်းဖြစ်သော အမြန်လမ်းပေါ်သို့ ပြောင်းရွှေ့လာကြပြီး လမ်းပေါ်တွင် စုပြုံတိုးနေကြရကြောင်း သိရှိရသည်။

လက်ရှိ တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးတွင် ရေများ တက်လာသဖြင့် ပြောင်းရွှေ့နေကြရပြီး ကယ်ဆယ်ရေးများ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article