27 C
Yangon

စစ်အုပ်စုကို အားပေးထောက်ခံမှုများ ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်ပုံ နည်းလမ်းများ ပြန်လည်သုံးသပ်ရန် အိန္ဒိယ အစိုးရထံ အရပ်ဘက် အဖွဲ့အစည်း ၂၆၈ဖွဲ့ အိတ်ဖွင့်ပေးစာပေးပို့

Must read

စစ်အုပ်စုကို အားပေးထောက်ခံမှုများ ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်ပုံ နည်းလမ်းများ ပြန်လည်သုံးသပ်ရန် အိန္ဒိယ အစိုးရထံ အရပ်ဘက် အဖွဲ့အစည်း ၂၆၈ဖွဲ့ အိတ်ဖွင့်ပေးစာပေးပို့

ရန်ကုန်၊ စက်တင်ဘာ ၂၁

အကြမ်းဖက် မြန်မာ စစ်အုပ်စုကို အားပေးထောက်ခံမှုများ ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်ပုံ နည်းလမ်းများ ပြန်လည်သုံးသပ်ရန် အိန္ဒိယ အစိုးရထံ အရပ်ဘက် အဖွဲ့အစည်း ၂၆၈ဖွဲ့ အိတ်ဖွင့်ပေးစာပေးပို့ထားကြောင်း သိရသည်။

အကြမ်းဖက် မြန်မာ စစ်အုပ်စုက ၂၀၂၁၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို မြန်မာပြည်သူလူထု တစ်ရပ်လုံးက ဆန့်ကျင်ခဲ့ကြောင်း၊ စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်းမှ ငြိမ်းချမ်းစွာ ဆန္ဒပြသော ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး နောက်တွင် ပြည်သူလူထုသည် စစ်အာဏာရှင်ကို အပြီးတိုင် ဖြိုချရန်နှင့် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်း ပဋိပက္ခများကို အဆုံးသတ် နိုင်ရေး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ရန် ခုခံတွန်းလှန်စစ် ဆင်နွှဲခဲ့ကြောင်းသိရသည်။

စစ်ရှုံးလာသော စစ်အုပ်စုက ပြည်သူများ အပေါ် ပိုမိုပြင်းထန်သော ရက်စက်ရမ်းကားမှုများဖြင့် တုန့်ပြန်လာသောကြောင့် မြန်မာနိုင်ငံသည် အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ၃.၄ သန်းကျော်ရှိပြီး အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေရသည့် ဒုက္ခသည် ၁.၂ သန်းခန့်ရှိကာ တစ်နိုင်ငံလုံးတွင် လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ၁၈.၆ သန်းအထိ ရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

အိန္ဒိယအစိုးရက မိမိနိုင်ငံ အကျိုးစီးပွားကို ရှေးရှု၍ မြန်မာနိုင်ငံနှင့် ဆက်ဆံခြင်းကို ကျွန်ုပ်တို့နားလည်ပြီး မြန်မာဒုက္ခသည်များကို လက်ခံကူညီပေးသည့် မီဇိုရမ်ကဲ့သို့ ပြည်နယ်အစိုးရများ၏ လူသားချင်းစာနာမှုကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ထားကြောင်း၊ သို့သော် အိန္ဒိယဗဟို အစိုးရအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ၊ သန်းပေါင်းများစွာသော ပြည်သူများ၏ ဆင်းရဲဒုက္ခများနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ရုန်းကန်မှုများကို လစ်လျူရှုကာ ဒေသတွင်း မတည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်အားပေးနေခြင်းသည် လွန်စွာဝမ်းနည်းဖွယ် ကောင်းလှသည့် ရှက်ဖွယ်လုပ်ရပ်ဖြစ်သလို လျှင်မြန်စွာ ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ တော်လှန်ရေးအရွေ့နှင့် နိုင်ငံရေး အခင်းအကျင်းနှင့်လည်း ဆန့်ကျင်နေကြောင်း၊ ထို့ကြောင့် အိန္ဒိယအစိုးရ အနေဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှုစံနှုန်းများကို လေးစားလိုက်နာရန်နှင့် မြန်မာနိုင်ငံ အခြေအနေပေါ် ချဉ်းကပ်ပုံနည်းလမ်းကို ပြန်လည်သုံးသပ်ရန် မိမိတို့ မြန်မာနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အောက်ပါအတိုင်း အလေးနက်တင်ပြတောင်းဆိုကြောင်း ဖော်ပြထားသည်။

၁။ မြန်မာစစ်အုပ်စုထံသို့ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား ရောင်းချခြင်းကို ရပ်တန့်ပါ – အကြမ်းဖက်စစ်အုပ်စုသည်လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်းအပြစ်မဲ့ပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများ အပါအဝင် ဆိုးရွားသော နိုင်ငံတကာရာဇဝတ်မှုများကို ဆက်လက်ကျူးလွန် နေလျက်ရှိသည်။ ထိုသို့သောရာဇဝတ်မှုများကြောင့် နိုင်ငံတကာ တရားရုံးများတွင် စီရင်စစ်ဆေးခြင်းခံနေရသည့် အကြမ်းဖက်အဖွဲ့အစည်းထံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချ နေခြင်းသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံအတွက် အလွန်ရှက်ဖွယ် လုပ်ရပ်တစ်ခု ဖြစ်သည့် အပြင် အဆိုပါရာဇဝတ်မှုများကိုအားပေးရာနှင့် ပူးပေါင်းကြံစဉ်ရာလည်း မြောက်စေနိုင်သည်။ထို့ကြောင့် အိန္ဒိယအစိုးရ အနေဖြင့် မြန်မာ အကြမ်းဖက်စစ်အုပ်စုကို မည်သည့်စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းမျှ လုံးဝဆက်လက်ရောင်းချခြင်း မပြုရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။

၂။ မြန်မာစစ်အုပ်စုကို တရားဝင်မှုပေးသည့် ထိတွေ့ဆက်ဆံမှုများအားလုံးကို ရှောင်ရှားပါ။ အကြမ်းဖက်စစ်အုပ်စုကိုကုလသမဂ္ဂ၊ အာဆီယံနှင့် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းအစုအဖွဲ့ အမျိုးမျိုးက အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုရန် ငြင်းဆိုထားသည်။ ထို့ပြင် မြန်မာပြည်သူလူထု တစ်ရပ်လုံးကလည်း စစ်အုပ်စုကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သာ သတ်မှတ်ကာ နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြပြီး စစ်ရေးအရနှင့် နယ်မြေ စိုးမိုးမှုအရလည်း အောင်မြင်မှုရနေသည်။ စစ်အုပ်စုကို တစ်ဖက်သက်အားပေးထောက်ခံနေခြင်းသည် အိန္ဒိယနိုင်ငံအတွက် အမည်ပျက်စေသည့် လုပ်ရပ်ဖြစ်သည့်အပြင် ရေရှည်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် စွန့်စားမှုများသော ချဉ်းကပ်မှုတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ အနေဖြင့် စစ်အုပ်စုကို BIMSTEC တွင် ဆက်လက်ပါဝင်ခွင့် ပိတ်ပင်ရန်၊ပြည်ထောင်စုဝန်ကြီးကဲ့သို့ အဆင့်မြင့် ကိုယ်စားလှယ်များမှတစ်ဆင့် ထိတွေ့ဆက်ဆံခြင်း အပါအဝင် စစ်အုပ်စုကိုတရားဝင်မှု ရစေသည့် မည်သည့် ထိတွေ့ဆက်ဆံမှုကိုမဆိုရှောင်ရှားရန်နှင့် တော်လှန်ရေးအင်အားစုများနှင့် စတင်ထိတွေ့ဆက်ဆံရန် ကျွန်ုပ်တို့ တောင်းဆိုသည်။

၃။ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုရှောင်ရှားပါ – အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်ဘဏ္ဍကိုပြည်သူများကိုသတ်ဖြတ်သည့် စစ်လက်နက်ဝယ်ယူရန် နှင့် မိသားစုအကျိုးစီးပွား တည်ဆောက်ရန်သာ အသုံးပြုနေသည်။ မြန်မာပြည်သူများ ကိုယ်တိုင်ကလည်း စစ်အုပ်စု၏ဝင်ငွေရလမ်းများအား ဖြတ်တောက်ရန် အစဉ်တစ်စိုက်တောင်းဆို လာခဲ့ပြီး စစ်တပ်ထုတ်ကုန်မှန်သမျှကို သပိတ်မှောက်လာခဲ့ကြသည်။ ဒီမိုကရေစီ နိုင်ငံအများအပြားကလည်း အကြမ်းဖက် စစ်အုပ်စုက စစ်လက်နက်ပစ္စည်းများ ထပ်မံမဝယ်ယူနိုင်အောင် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုအမျိုးမျိုး ပြုလုပ်လာခဲ့ ကြသည်။ ထို့ပြင် စစ်အုပ်စုသည် နယ်မြေဆုံးရှုံးလာသည့် အလျောက် ၎င်းနှင့်ပူးတွဲ ဆောင်ရွက်ထားသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကာကွယ်နိုင်စွမ်း ဆက်လက်ကျဆင်း နေသည်။ ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့် အခြားသော ဒီမိုကရေစီနိုင်ငံများ၏ အရေး ယူမှုများနှင့် မြန်မာပြည်သူများ၏ဆန္ဒနှင့် ဆန့်ကျင်၍ အကြမ်းဖက်စစ်အုပ်စုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆက်လုပ် ခြင်း၊ တိုးချဲ့ခြင်း မပြုရန်နှင့် ရူပီးနှင့် ကျပ်ငွေဖြင့် တိုက်ရိုက်ကုန်သွယ်ခွင့်များကို ရပ်တန့်ရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။

၄။ ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာဒုက္ခသည်များကို အမြန်ဆုံးပြန်လွှတ်ပေးပြီး လူသားချင်းစာနာမှုအကူအညီများ ပေးပါ။ အိန္ဒိယနိုင်ငံသို့ ခိုလှုံလာသော ပြည်သူများလည်း ၇၀,၀၀၀ ခန့် ရှိနေပြီဖြစ်သည်။ သို့သော် ၎င်းတို့သည် လိုအပ်သော လူသားချင်းစာနာမှုအကူအညီများ မရကြသည့်အပြင် ဖမ်းဆီးထောင်ချခြင်း ခံနေရသည်။ အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်းအိန္ဒိယနိုင်ငံတွင် ကာလရှည်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာပြည်သူ အနည်းဆုံး ၂၅၀ ခန့်ရှိပြီး စစ်ဒဏ်ကြောင့် ထွက်ပြေးခိုလှုံလာသူများကိုလည်း တရားမဝင် လာရောက်အခြေချသူများနှင့် ပဋိပက္ခ ဖန်တီးသူများ အဖြစ် မုန်းတီးခံ ရအောင် ပုံဖော်လှုံ့ဆော်မှုများလည်း ရှိနေသည်။ စစ်အုပ်စုကဲ့သို့ နိုင်ငံတကာက တရားရုံးများက အလိုရှိနေသည့် အကြမ်း ဖက်ရာဇဝတ်အဖွဲ့အစည်းအတွက် ကြံရာပါတစ်ဖြစ်လဲ မဟာမိတ်ကောင်းဖြစ်ရန် ကြိုးစားခြင်းထက် မြန်မာပြည်သူများ အတွက်လူသားချင်းစာနာမှုရှိသည့် အိမ်နီးချင်းကောင်းပီသရန်ကြိုးစားခြင်းသည် ရေရှည်တွင် နှစ်နိုင်ငံအတွက် ပို၍ အကျိုးများနိုင်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးထားသော မြန်မာဒုက္ခသည်များကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသော မြန်မာပြည်သူများ လူသားချင်းစာနာမှုအကူအညီရရှိနိုင်အောင် အမြန်ဆုံးစီမံဆောင်ရွက် ပေးရန် အချက်များကို အရပ်ဘက် အဖွဲ့အစည်း ၂၆၈ ဖွဲ့က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article