26 C
Yangon

ဘုတလင်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးပြီး စစ်ဘေးရှောင်ပြည်သူ ၇ ဦးကိုဖမ်းဆီး၊ မုံရွာမှာလည်း ညအချိန် လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေဆဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး စစ်ရှောင် ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီက သိရပါတယ်။

ကူတော်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက စက်တင်ဘာလ ၂၄ ရက်နေ့မှာ စစ်ရှောင်ပြည်သူ ၇ ဦးကို ဖမ်းဆီးပြီး စားနပ်၊ရိက္ခာတွေ လုယူသွားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

ကူတော်ကျေးရွာရဲစခန်းကို စစ်ကောင် စီတပ်ဖွဲ့တွေ စတင်အခြေချတဲ့ ၂၀၂၁ခုနှစ် ဇူလိုင်လ ကတည်းက ကူတော်ကျေးရွာနဲ့ ရွာမွန်ကျေးရွာမှ ပြည်သူတွေက ထွက်ပြေးတိမ်ရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင် နေကြရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ တဲတိုက်တွေကို စစ်ကောင်စီတပ်က ၀င်ရောက်မွှေနှောက်ပြီး ဓားစာခံပြည်သူတွေဖမ်းဆီးကာ ရိက္ခာပစ္စည်းတွေလုယက်သွားကြတာလို့ သိရပါတယ်။

” စစ်ရှောင်စခန်း၀င်မွှေတယ်။ ဓားစာခံ ၇ ယောက် ဖမ်းသွားပြီး သူတို့(စကစ)အတွက် ရိက္ခာတွေသယ်သွားကြတယ်၊အခုရက်ပိုင်းထဲ ကူတော်က ကောင်(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေက အဖွဲ့ခွဲပြီးလှုပ်ရှားနေကြတာရှိတယ်”လို့ ဘုတလင်မြို့နယ် ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

ကူတော်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ဖမ်းဆီးသွားတဲ့ ဓားစာခံပြည်သူ ၇ ဦး နဲ့စစ်ကောင်စီတပ် လုယူသွားတဲ့ ရိက္ခာ၊ပစ္စည်း၊ကျွဲ၊နွား၊ကြက်၊၀က် စတဲ့ အသေးစိတ် အခြေအနေကိုတော့ လတ်တ လော မသိရသေးပါဘူး။

ဘုတလင်မြို့နယ် ကူတော်ကျေးရွာ နဲ့ ရွာမွန်ကျေးရွာက ပြည်သူတွေ စစ်ရှောင်နေကြရတာ ၃ နှစ်ကျော်ကာလထဲကို ရောက်ရှိလာပြီးသက်ကြီးဘိုးဘွားတွေရဲ့ကျန်းမာရေး၊ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ဒေသခံစစ်ရှောင်ပြည်သူတွေရဲ့ စား၀တ်နေရေးက အခက်အခဲမျိုးစုံကြုံတွေ့ခံစားနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကူတော်ရွာထဲက ပြည်သူပိုင်နေအိမ်တွေကို ထင်သလို နေထိုင်၊တပ်စွဲနေကြပြီး ရွာမွန်ကျေးရွာကိုတော့ရွာလုံးကျွတ် မီးရှို့ဖျက်စီးထားတာဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်ကောင်စီတပ်က ညစဉ် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။

စက်တင်ဘာလ ဒုတိယပတ်ကစပြီး မုံရွာမြို့ပေါ်ရပ်ကွက်တွေကို အိမ်ထောင်စုဇယားနဲ့ ၀င်ရောက်ဖမ်းဆီးနေတာလို့ သိရပါတယ်။

“စက်တင်ဘာ ၁၇ ရက်နေ့ ရတနာပုံ အင်းဇောင်းထဲက ကလေး ၅ ယောက် ဖမ်းခံရတယ်။အိမ်ထောင်စုဇယား ပြခိုင်းပြီး ခေါ်တာ”လို့ မုံရွာမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

မုံရွာမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ သလ္လာ၊စက်မှုဇုန်၊ရတနာပုံ၊အေးသာယာစတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ညစဉ်ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။

“စက်တင်ဘာ ၁၈ ရက်နေ့က သလ္လာအမှတ် ၉ ထဲက လူငယ် ၃ ယောက်ပါသွားတာ။အပြစ်ရှိလို့ ဖမ်းခံရတာမဟုတ်ဘူး။ဒီအတိုင်း ခေါ်သွားတာ” လို့ မြို့ခံပြည်သူက ပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး စက်တင်ဘာလ ၂၀ ရက်နေ့အထိ မုံရွာမြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၁၀ ဦးကျော် အထိရှိခဲ့ပြီး ဒီထက် ပိုနိုင်တယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဓာတ်ပုံ – မုံရွာမြို့တော်ခန်းမရှေ့တွင် လုံခြုံရေးယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မုံရွာမြို့တော်ခန်းမရှေ့တွင် လုံခြုံရေးယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article