ရန်ကုန်၊ အောက်တိုဘာ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာတွင် လားရှိုးမြို့အတွင်းမှ စစ်တပ်ထံသို့ ပေးပို့သော သတင်းအချက်အလက်များကို အသုံးပြုကာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်(ဖရဲသီး) က ပြောဆိုသည်။
“လေယာဉ်နဲ့ ဗုံးကျဲမှုတွေမှာ လားရှိုးထဲကနေ ပေးပို့တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ တိုက်ခိုက်ခဲ့တယ်လို့ ပြန်သိရပါတယ်။ လားရှိုးထဲမှာ တပ်သတင်းပေး ရှိနေတဲ့သဘောပဲ။ လားရှိုးမြို့ကွက်နဲ့ မြေပုံက တပ်ဘက်မှာ ရှိပါတယ်။ အထဲက သတင်းပေးက ပြောနေရာကို တည်နေရာ သတ်မှတ်ရွေးချယ်ပြီး လေကြောင်း ပစ်မှတ်ပြန်ရွေးတယ်လို့ သိရတယ်။ လေကြောင်းတိုက်ခိုက်မှု အားလုံးမဟုတ်ရင်တောင် အတော်များများက သတင်းပေးတဲ့ အချက်အလက်အပေါ်မှာ အခြေခံခဲ့တယ်” ဟု တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကို ဩဂုတ်လနှောင်းပိုင်းမှ ယနေ့ အချိန်အထိ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် လုပ်ဆောင်ခဲ့ရာတွင် အရပ်သား ၃ ဦး သေဆုံးကာ ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်နှင့် အဆောက်အအုံများစွာ ရှိပြီး လားရှိုးမြို့မစျေးကြီး၊ ဟိုတယ်များပါ ပျက်စီးဆုံးခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကောင်စီက လားရှိုးမြို့ပေါ်တွင် Mytel ဆက်သွယ်ရေး ဖုန်းလိုင်းကွန်ရက်များ ပြန်လည် ဖွင့်ပေးခဲ့ပြီးနောက် ယင်းဖုန်းဆက်သွယ်ရေး ကွန်ရက်များမှတစ်ဆင့် သတင်းထောက်လှမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ Mytel ဆက်သွယ်ရေး ဖုန်းလိုင်းများအားလုံးသည် အသုံးပြုနေသူများ၏ တည်နေရာနှင့် ပြောဆိုဆက်သွယ်မှုများအားလုံးကို အဓိက ထိန်းချုပ်ရေးစင်တာမှ ထောက်လှမ်းနိုင်ကြောင်း၊ ကြားဖြတ်နားထောင်နိုင်ကြောင်း တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
လတ်တလော လားရှိုးမြို့တွင် ဖုန်းလိုင်း မရရှိတော့ဘဲ အဆက်အသွယ်များ ပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – လားရှိုးမြို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသော ဟိုတယ်နှင့်နေအိမ် အဆောက်အအုံများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar