27 C
Yangon

စစ်တပ် လက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် အထူးဒေသ ၁ ဌာနချုပ် တည်ရှိရာ ပန်ဝါမြို့သို့ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီး လမ်းတလျှောက် စစ်တပ်နှင့်ပြည်သူ့စစ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၁

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့သို့ KIA ဦးဆောင်သော တော်လှန်ရေး တပ်များက ထိုးစစ်ဆင်နေပြီး လမ်းတလျှောက်ရှိ စစ်တပ်နှင့် ပြည်သူ့စစ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် ပြည်သူ့စစ် တပ်စခန်း ဌာနချုပ်ဖြစ်သော ၁၀၀၂ တပ်ရင်းဌာနချုပ်ကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံနေကြောင်း သိရှိရသည်။

” ၁၀၀၂ ဗျူဟာတပ်စခန်းမှာတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ သိရတယ်။ စခန်းရပြီလို့ သတင်းတွေ ထွက်ပေမယ့် အတည်တော့ပြုလို့မရသေးဘူး ၊ စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးလာကျဲတာလည်းရှိတယ်။ စစ်ရေးကတော့ တင်းမာပြီး တိုက်ပွဲဖြစ်နေတာ” ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပန်ဝါမြို့တွင် ဇခုန်တန့်ယိန်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဌာနချုပ်နှင့် ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိနေရာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ၁၀၀၂ ဗျူဟာတပ်စန်းသည် ပန်ဝါမြို့ကို ထိန်းချုပ်ရေးအတွက် စစ်အရေးအရ အလွန်အရေးပါသည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။

ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ပန်ဝါမြို့ဘက်သို့ ဦးတည် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ဦးဇခုန်တန့်ယိန်း ဦးဆောင်သော ကချင် ပြည်နယ်အထူးဒေသ ၁ တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်ဒေသတို့ ပါဝင်ကြောင်း သိရှိရသည်။

လက်ရှိတွင် KIA ပူးပေါင်းတပ်များက အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁မိုင် BGF စခန်းကိုလည်းကောင်း၊ အောက်တို ဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကိုလည်းကောင်း သိမ်းပိုက်ခဲ့ပြီးနောက် ၁၀၀၂ ဗျူဟာတပ်ရင်းဌာနချုပ်ကို အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်တော်သား ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။ အဆိုပါဒေသများသည် မြေရှားသတ္တုကို အဓိက ထုတ်လုပ်နေသော ဒေသများအဖြစ် လူသိများ ထင်ရှားသည်။

ဓာတ်ပုံ – စက်တင်ဘာလအတွင်း မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်တစ်စီးကို KIA တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စက်တင်ဘာလအတွင်း မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်တစ်စီးကို KIA တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article