32 C
Yangon

မြိတ်မြို့တွင် ထိုင်းနိုင်ငံသို့ထွက်ရန် ကြိုးစားသည့် လူငယ် ၂၀၀ နီးပါး ဖမ်းဆီးခံထားရပြီး စစ်ကောင်စီ၏ စစ်သားစုဆောင်ရေးတပ်သို့ ပို့ ဆောင်ခံနေရ

Must read

ရန်ကုန်| အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ကြိုးစားသည့် လူငယ် ၂၀၀ နီးပါးကို စစ်တပ်က ဖမ်းဆီးလိုက်ပြီး စစ်သားစုဆောင်ရေးတပ်သို့ ပို့ဆောင်နေကြောင်း ပြန်လွတ်လာသူတချို့က ပြောဆိုသည်။

ရခိုင်ဒေသမှ ရခိုင်လူမျိုး အပါအဝင် ချင်း၊ မွန်၊ အမျိုးသား၊ အမျိုးသမီး ၂၀၀ နီးပါး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တွင် ဖမ်းဆီးခံထားရပြီး လူငယ်တစ်ချို့ကို စစ်သားစုဆောင်းရေး တပ်နယ်မြေများသို့ ပို့ဆောင်ထားကြောင်း ၊ အဆိုပါ လူငယ် အမျိုးသား၊ အမျိုးသမီးများသည် နေရာအသီးသီးမှ ပြည်ပသို့ သွားရောက်ခြင်းဖြစ်ပြီး ကားငါးစီးဖြင့် ထွက်လာကြခြင်းဖြစ်ကာ မြိတ်မြို့၊ ကျွဲကူးတံတားအလွန်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း လွတ်လာသူတစ်ဦးက ပြောသည်။

အသက် ၂၈ နှစ်ရွယ် ပြန်လည်လွတ်လာသူအမျိုးသမီးတစ်ဦးက ” ကား ငါးစီးနဲ့ ထွက်လာကြတာပါ။ အဲ့ဒီမှာ မြိတ်မြို့ ကျွဲကူးတံတားအလွန်မှာ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ညီမတို့ ရခိုင်လူမျိုး ၆၀ လောက်ပါမယ်။ ချင်း၊ မွန်ဒေသက လူတွေ အများအပြားပါတယ်။ အားလုံးစုစုပေါင်း ၁၈၀ ကျော်လောက်ပါတယ်” ဟုပြောသည်။

အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီ ဝန်းကျင်လောက်တွင် စစ်ကောင်စီစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်း ဖမ်ဆီးခဲ့ခြင်းဖြစ်ပြီး ၁၈ နှစ်ထက် လူငယ်အများအပြားကို စစ်ကောင်စီတပ်စခန်းသို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်က သေနတ်အချက်ပေါင်းမြောက်မြားစွာဖြင့် ဖောက်ပြီး ဖမ်းဆီးခဲ့ပြီးဖြစ်ပြီး လူငယ်အများအပြား ကားပေါ်က ဆင်းစေခိုင်းကာ ကားလမ်းမပေါ်တွင် ဝမ်းလျား မှောက်က်ခိုင်းထားကြောင်း လွတ်မြောက်လာသူများက ပြောဆိုသည်။

ယင်းနောက်တွင် ကားငါးစီးတွင် လိုက်ပါလာသည့် လူငယ်အမျိုးသား၊ အမျိုသမီးများကို မြိတ်မြို့ စစ်ကောင်စီတပ်စခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး တစ်ချို့ကို မြိတ်မြို့ ခေတ်သာစည် တည်ခိုရိပ်သာသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အသက် ၄၀ ကျော်အရွယ် ပြန်လည် လွတ်မြောက်လာသူတစ်ဦးက ” ကျနော်တို့ ကားသွားနေတာကို စစ်ကားတွေ နောက်ကလိုက်လာပြီးတော့ သေနတ်တွေနဲ့ တရပ်စက် ပစ်ခတ်တယ်။ ကားကို ရပ်လိုက်တဲ့အခါမှာ သေနတ်တွေ မောင်းတင်ထားပြီးတော့ အကုန် အောက်ကို ဆင်းခိုင်းတယ်။ ပြီးတော့ ကားလမ်းမပေါ်မှာ ဝမ်းလျား မှောက်ခိုင်းတယ်။ တစ်ယောက်ချင်းစီးကို စစ်ပြီးတော့ မြိတ်မြို့ စစ်တပ်စခန်းတစ်ခုကို ခေါ်သွားတယ်။ ပြီးတော့ တစ်ချို့ကို ခေတ်သာစည် ဟိုတယ်ကို ခေါ်တယ်။ ကျနော်မှတ်ပုံတင်ကို ကြည့်ပြီး လေးဆယ်ကျော် ရှိပြီးဆိုတော့ ကျနော့်ကို ပြန်လွတ်လိုက်တယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့်ထဲမှ အသက်၄၀ ကျော်အရွယ် အမျိုးသားတစ်ချို့နှင့် အမျိုသမီးတစ်ချို့ကို ပြန်လွတ်လိုက်သော်လည်း ကျန်လူပေါင်း ၁၄၀ ကျော်ကို ဆက်လက်ဖမ်းဆီးကြောင်း ပြန်လည်လွတ်မြောက်သူများက ပြောဆိုသည်။

ဖမ်းဆီးခံရသည့်အထဲမှာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နှင့် လေးတောင်မြို့၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်မြို့နယ်များက အများအပြားပါဝင်ပြီး မွန်ဒေသမှ မွတ်ဆလင် အများအပြားလည်း ပါဝင်ကြောင်း သိရသည်။

ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးက “အခုအချိန်အထိ တစ်ယောက်မှ ပြန်လွတ်တာ မရှိသေးဘူးလို့ ညီမတို့ စုံစမ်းသလောက် သိရတယ်။ တစ်ချို့ကို စစ်မှုထမ်းဖို့ စစ်သားစုဆောင်းရေး နေရာတွေကို ပို့ဆောင်ထားတယ်လို့ ကြားတယ်။ လိုက်ပို့တဲ့ ပွဲစားသုံးယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ သူတို့လည်း ပြန်မလွတ်သေးဘူး”ဟုပြောသည်။

စစ်ကောင်စီက မြန်မာပြည်အတွင်းက လူငယ်အများအပြားကို ပြည်ပထွက်ခွာခြင်းကို ပိတ်ပင်ထားပြီး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်လာသည့် လူငယ်အများအပြားကိုလည်း ဖမ်းဆီးပြီး စစ်မှု ထမ်းခိုင်းလျက်ရှိသည်။

ဓာတ်ပုံ – အတင်းအကျပ် စစ်သားစုဆောင်းခံနေရသည့် နိုင်ငံတစ်ဝန်းမှ လူငယ်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အတင်းအကျပ် စစ်သားစုဆောင်းခံနေရသည့် နိုင်ငံတစ်ဝန်းမှ လူငယ်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article