30 C
Yangon

စစ်ကောင်စီက စစ်ရှုံးနေ၍ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် ဆေးရုံများကို လေယာဉ်ဖြင့် ဗုံးကျဲမှု အပါအဝင် အကြမ်းဖက်မှုမျိုးစုံ တိုးမြှင့် ကျူးလွန်နေဟု နိုင်ငံတကာသို့ ဦးကျော်မိုးထွန်း အသိပေးပြောဆို

Must read

🟥 သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးများတွင် ဆက်တိုက်တက်ရောက်ပြီး စစ်ကောင်စီကို အရေးယူရန် တွန်းအားပေးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၂

အကြမ်းဖက် စစ်ကောင်စီက မြေပြင်တွင် စစ်ရှုံးနေ၍ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့်ဆေးရုံများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုမျိုးစုံ တိုးမြှင့် ကျူးလွန်နေကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ တွင် ပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတစ်ခုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြေပြင်တွင် ရှုံးနိမ့်လျက်ရှိသဖြင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦ များနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှု အမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် စစ်တပ်က သံသယရှိသူများကို စစ်ဆေးမေးမြန်းရန်၊ အကျဉ်းထောင်များ တွင် ပြုလုပ်လျက်ရှိသော ရက်စက်သည့် ပြစ်မှုများကို ဖုံးကွယ်ရန်၊ ပြည်သူလူထုအပေါ် အကြောက်တရား သွတ်သွင်းရန်၊ စစ်အာဏာရှင်အား ဆန့်ကျင်နေသည့် ပြည်သူ့ ခုခံ တော်လှန်ရေး အား ဟန့်တားရန် အတင်းအကျပ် ပျောက်ကွယ်စေမှုကို နည်းလမ်းတစ်ခု အဖြစ် အသုံးချလျက်ရှိကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် အသက်ကြီးငယ်မရွေး အမျိုးသားများအနေဖြင့် စစ်တပ်၏ မတရား ဖမ်းဆီးမှုများ လုပ်ဆောင်ခံရသည့် အဓိက ပစ်မှတ်များ ဖြစ်လျက်ရှိပြီး ၎င်းတို့ကို မည်သည့် နေရာ ရောက်ရှိနေသည်ကိုပင် မသိရှိရကြောင်း၊ ဝမ်းနည်းဖွယ် ဆို့နင့်ဖွယ် ဖြစ်စဉ် များတွင် ဖမ်းဆီးခံရသူများ သေဆုံးပြီးမှသာလျှင် သိရှိရကြောင်း၊ စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို လုံးဝ ဥဿုံ ဖျက်ဆီးထားကြောင်း၊ စစ်ကောင်စီ နှင့် စစ်အာဏာရှင်စနစ်သည် မြန်မာပြည်သူများ ခံစား နေရသည့် ဒုက္ခ ၏ အရင်းခံဇစ်မြစ်ကြောင်း ပြောကြားသည်။

အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးတစ်ခုတွင်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ခံပြည်သူ့အစိုးရက နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကို အဓိကအရေးပါသည့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ် ဆောင်ရွက် ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် (TPNW) တွင် ပါဝင်လက်မှတ်ရေးထိုးမှု မှစ၍ International Atomic Energy Agency (IAEA) ၏ Additional Protocol နှင့် Small Quantity Protocol အာဏာသက်ဝင်ရေး ကြိုးပမ်းမှုများအားလုံးသည် တရားမဝင် စစ်အာဏာ သိမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သံအမတ်ကြီးက ပြောဆိုခဲ့သည်။

ထို့ပြင် ထိုအစည်းအဝေးတွင်ပင် မြန်မာစစ်တပ်က ယခင်တည်းက နျူကလီးယားလက်နက်အစီအစဉ် ကို ပြုလုပ်ရန် ရှိသည်ဟု သံသယရှိခဲ့သည့်အတိုင်း နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံ တစ်နိုင်ငံ ၏ အကူအညီဖြင့် အသေးစား နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြံရွယ် လျက်ရှိကြောင်း၊ ယင်းစစ်အုပ်စုသည် အဆိုပါစက်ရုံမျိုး အား အန္တရာယ်ကင်းစွာ စီမံခန့်ခွဲမှု ပြုနိုင်ရေးအတွက် လုပ်နိုင်သည့် အရည်အချင်းမရှိ သကဲ့သို့ လုပ်လိုသည့် နိုင်ငံရေး ဆန္ဒလည်း မရှိကြောင်း၊ ယင်းအစီအစဉ် အား ဆောင်ရွက်သည်ဆိုပါက မြန်မာနိုင် ငံနှင့် ဒေသတွင်းရှိ ပြည်သူများအတွက် လွန်စွာအန္တရာယ်ကြီးမားကြောင်း၊ မြန်မာပြည်သူများခံစားနေရသည့် စစ်တပ် ၏လူမဆန်သော ဖိနှိပ်မှုများ ရပ်တန့် စေရန်နှင့် ပြည်သူများ၏ အသက်ကိုကယ်တင်ပေးနိုင်ရန် စစ်ကောင်စီထံသို့ တိုက်လေယာဉ်လောင်စာဆီ၊ လက်နက်နှင့် ဆက်စပ် ပစ္စည်းများ လွဲပြောင်း ပေးအပ်မှုများ အား ရပ်တန့်က ရပ်ရန် သံအမတ်ကြီးက မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ကော်မတီဆိုင်ရာ အစည်းအဝေး ၂ ခု၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း အစည်းအဝေး ၂ ခု စသဖြင့် ကုလသမဂ္ဂအစည်းအဝေးများသို့ ဆက်တိုက် တက်ရောက်မိန့်ခွန်းပြောလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရေး ဆက်တိုက် တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article