26 C
Yangon

ချောက်တွင် ၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကိုသတ်ဖြတ်ပြီး နေအိမ် အလုံး ၅၀ ကျော်မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး တော် လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ နေအိမ်အလုံး ၅၀ ကျော် ကို မီးရှို့ဖျက်ဆီးသွားကြောင်း Chauck Revolution Army မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် ချောက်မြို့နယ်၊ ကုန်းကြီး- ထိန်စမ်းလမ်းမှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်ကို ထိန်းစမ်းကျေးရွာ တောင်ဘက်အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားသေဆုံးခဲ့ကြောင်း၊ ထိုသို့ အကျအဆုံးများသဖြင့် မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် လေ ကြောင်းပစ်ကူရယူကာ စစ်တပ်က ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း စစ်တပ်က ချောက်မြို့နယ်၊ ဂွေးပင်လေး၊ ဂွေးပင်ကြီးကျေးရွာ ဘက်ခြမ်းမှ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း၊ ဂွေးပင် – သရက်ပင်ကျေးရွာလမ်းကြောင်းမှ ပြန်လည်ဝင်ရောက်လာသော အခြား စစ်ကြောင်းနှင့် ပူးပေါင်းပြီး ယင်နေ့ ညနေ ၄ နာရီအချိန်ခန့် ကတိုင်တောင်ရွာဘက်သို့ ဝင် ရောက် စီးနင်းခဲ့ကြောင်း၊ ည ၇ နာရီ အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ချောက်မြို့နယ်၊ နရွဲတော ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ စစ်ကြောင်းများခွဲကာ နရွဲတောကျေးရွာ အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီ အချိန်မှ စတင်၍ မီးရှို့ခဲ့ရာ နေအိမ် ၃၃ အိမ်မီးလောင်ပြာကျခဲ့ကြောင်း၊ ထိုသို့ မီးရှို့ နေစဥ် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရွာ၏အနောက်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန် နရွဲတော ရွာ၏တောင်ဘက်ခြမ်းမှ စစ်တပ်က ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်အချိန် စစ်တပ်က ချောက်မြို့နယ်၊ ရွာမကျေးရွာဘက်သို့ထပ်မံ စစ်ကြောင်း ထိုး ဝင်ရောက်လာခဲ့ရာ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ရွာမကျေးရွာအနီးအရောက် တော်လှန်ရေးတပ်ဖွဲ့ဝင် များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ၊ အကြမ်းဖက်စစ်သား အများအပြားသေဆုံးခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တွင်လေကြောင်းပစ်ကူရောက်ရှိလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေး လိုက်ရကြောင်း၊ ယင်းတိုက်ပွဲအတွင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ အပါအဝင် တော် လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျ ဆုံးခဲ့ကြောင်းသိရသည်။

“ခွေးသေထိခိုက်မှုများတယ်လို့ပဲ သိရတယ်။ အတိအကျ မသိရဘူး။ ကျနော်တို့ဘက်က အာဠာဝက ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတအပါအဝင် ၃ ဦးကျဆုံးတာပါ၊ ဖမ်းခံလိုက်ရတာ မဟုတ် ပါဘူး။” ဟု Chauck Revolution Army မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ ဆုတ်ခွာပေးလိုက်ရမှုကြောင့် အကြမ်းဖက်စစ်သားများက ရွာမကျေးရွာ အတွင်းသို့ ဝင်ရောက် ခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်နေသော ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်သားများက သတ်ဖြတ်ကာ နေအိမ် အလုံး ၂၀ ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရွာမဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့‌ အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က ရွာမကျေး ရွာတောင်ဘက်မှ ပြန်လည်ထွက်ခွာသွားကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်း ကြောင့် ကျေးရွာပေါင်း ၂၂ ရွာမှ ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်နေခဲ့ရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို Chauck Revolution Army (CRA)နှင့် သရက်ခရိုင် တပ် ရင်း ၅ ၊ ညောင်ဦး ခရိုင်တပ်ရင်း ၄ ၊ အာဠာဝက မြို့ပြပြောက်ကျား တပ်ဖွဲ့ ၊ မကွေးခရိုင် တပ် ရင်း ၁ ၊ မကွေးခရိုင် တပ် ရင်း ၂ ၊မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ ချောက်ပကဖနှင့် ပခုက္ကူ ပကဖတို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article