26 C
Yangon

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် သန်းခေါင်စာရင်းပုံစံ အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေပြီး မဲစာရင်းအဖြစ် အသုံးချ မဲလိမ်မည်ကို နိုင်/ကျဉ်းများ စိုးရိမ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသား၊အကျဥ်းသူများ၏ အချက်အလက်များကို ထောင်အာဏာပိုင်များက မေးမြန်းမှုများ ပြုလုပ်လျက်ရှိ၍ အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို အသုံးချ၍ မဲမသမာမှုများ လုပ်ဆောင်မည်ကို နိုင်ငံရေးအကျဉ်းသားများ စိုးရိမ်ပူပန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာန ဝန်ထမ်းများက အကျဉ်းသားများ၏ အမည်၊အဘအမည်၊ အသက်၊မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင်ရှိမရှိကို အဓိက မေးမြန်းလျက်ရှိပြီး အကျဉ်းထောင်တစ်ခုနှင့် တစ်ခုတွင် မေးမြန်း‌သည့် ပုံစံများ မတူညီကြကြောင်း၊ လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် သန်းခေါင်စာရင်းကောက်ယူမှုများကို ပြု‌လုပ်နေသောကြောင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် မဲပေးခွင့်မရှိသော်လည်း မဲမသမာမှုများ ပြုလုပ်မည်ကိုလည်းကောင်း၊ စစ်ရေးအရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ ဖြစ်ပေါ်လာမည်ကိုလည်းကောင်း အသီးသီး စိုးရိမ်နေကြကြောင်း သိရှိရသည်။

“တကယ်တော့ အကျဉ်းထောင်ကို ရောက်ပြီဆိုကတည်းက အကျဉ်းထောင်က အကျဉ်းသားတွေရဲ့အချက်အလက်တွေ မှတ်တမ်းကောက်ယူတယ်။ သူတို့စာအုပ်တွေထဲရောကွန်ပျူတာထဲရော နေပြည်တော်ရုံးချုပ်မှာပါ သူတို့ သိမ်းဆည်းထားပြီးသားပါ။ အဲဒီလိုရှိပြီးသား ဒေတာတွေ လာကောက်တာဟာ အကျဉ်းထောင်ထဲက နိုင်ကျဉ်းတွေကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် တလွဲအသုံးချမှာနဲ့လည်း ရင်ဆိုင်နေရတယ်။ ရွေးကောက်ပွဲကို ဦးတည်နေတဲ့ သန်းခေါင်စာရင်းဖြစ်ရင်တောင်မှ ဒီအကျဉ်းသားတွေ အချုပ်သားတွေရဲ့ အချက်အလက်ကို အသုံးပြုပြီး သူတို့နိုက်ငံရေး အကျိုးအမြတ်အတွက် အသုံးပြုသွားနိုင်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုကဲ့သို့ မေးမြန်းမှုများကို အကျဉ်းဦးစီး ဝန်ထမ်းများက မေးမြန်းခဲ့ကြခြင်းဖြစ်ပြီး အကျဉ်းထောင်ရောက်ရှိချိန်မှစ၍ ထောင်အဝင်၌ ကိုယ်ရေးအချက်အလက် ၃၂ ချက်ကို ထောင်က ကောက်ယူထားပြီးဖြစ်ကြောင်း၊ အချို့အကျဉ်းထောင်များတွင် ထိုကဲ့သို့အချက်အလက်များ ကောက်ယူမှု မရှိသေးသော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းသားအားလုံးထံမှ ကောက်ယူမည်ဟု သိရှိထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

ဓာတ်ပုံ – အကျဉ်းသူများ၏ ကိုယ်ရေးအချက်အလက်များကို ကွန်ပျူစာရင်းသွင်းနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကျဉ်းသူများ၏ ကိုယ်ရေးအချက်အလက်များကို ကွန်ပျူစာရင်းသွင်းနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article