ရန်ကုန်၊ နိုဝင်ဘာ ၁
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နှင့်တောင်ကုတ်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ တောက်လျှောက် လုပ်ဆောင်နေသဖြင့် စစ်ဘေးရှောင်နှင့် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရခိုင်ဒေသမှ သတင်းရင်းမြစ်များက ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် အမ်းမြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ် ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ မြောက်ဘက်ခြမ်း အပါအဝင် စစ်ဘေးရှောင် ပြည်သူများ စုဝေးနေရာများသို့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀ ဦးနီးပါး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။
“အမ်းမှာ စစ်ဘေးရှောင်တွေ ဗုံးထိတာက သေဆုံးသူ ထပ်များလာနိုင်တယ်။ အခုက စစ်ဘေးရှောင်တွေ အကုန်ပိတ်မိနေတာဖြစ်တော့ ကူညီကယ်ဆယ်ရေး အတော်ခက်ခဲတယ်။ တိုက်ပွဲအကြားမှာ ဆေးဝါးကုသဖို့ ခက်ခဲတယ်” ဟု ရခိုင်ဒေသတွင် ထောက်/ပို့ ကူညီရေး လုပ်နေသူက ရှင်းပြသည်။
အလားတူ အောက်တိုဘာလ ၃၀ ရက်နေ့ တောင်ကုတ်မြို့နယ်၊ မောင်းရွာနှင့် မီးကျောင်းထိုးကျေးရွာကို စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး အခြားပြည်သူ ၅ ဦးလည်း ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများတွင် မောင်းကျေးရွာမှ အသက် ၁၄ နှစ် အရွယ် မစုမြတ်ဝင်း၊ အသက် ၁၄ နှစ်အရွယ် မဝတ်ရည်ဝင်း၊ အသက် ၄၈ နှစ်အရွယ် ဒေါ်မကျန်တင်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်ကျန်တင်၊ အသက် ၃၁ နှစ်အရွယ် ကိုနိုင်လင်းစိုးတို့ဖြစ်ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် APM ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ထို့အတူ အောက်တိုဘာလ ၂၉ ရက်နေ့နှင့် အောက်တိုဘာလ ၃၀ ရက်နေ့တို့တွင် သံတွဲမြိုနယ်၊ ဆင်ခေါင်းရွာ ရွာဦးဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီ နှစ်ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော်မှာ ဒဏ်ရာ အပြင်းအထန်ရရှိပြီး ကျောင်းမှာလည်း ပျက်စီးသွားကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ဗုံးကျဲမှုကြောင့် သံတွဲမြိုနယ်၊ ဆင်ခေါင်းရွာရှိ ရတနာအောင်မြေကျောင်း တိုက်မှာ ပျက်စီးသွားပြီး သက်တော် ၅၈ နှစ်ရှိ ကျောင်းထိုင် ဆရာ တော် အသျှင်သိရီတေဇ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။
“သံတွဲ ဆင်ခေါင်း ကျေးရွာက နှစ်ရက်ဆက်တိုက် ဗုံးကျဲခံရတာ။ ကျောင်းထိုင် ဆရာတော် ဒဏ်ရာပြင်းထန်တယ်။ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ဆင်ခေါင်း ရွာစာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲသွားခဲ့သေးတယ်။ ဆင်ခေါင်းကျေးရွာမှာ မကြာခဏ လေယာဉ်နဲ့ ဗုံးကျဲခံရတာက ဒဏ်ရာရသူတွေလည်းများတယ်။ ဆင်ခေါင်းကျေးရွာဆိုတာ တိုက်ပွဲနဲ့လည်း ဘာမှ မပတ်သက်ဘူး။ အောက်တိုဘာ ၃၀ ရက်နေ့ ဗုံးကျဲတာကလည်း ရွာဦးကျောင်းပဲထပ်ကျတယ်။ ဗုံး ၂ လုံးကျတာမှာ ဗုံး ၁ လုံးပဲကွဲတယ်တဲ့။ အောက်တိုဘာလ ၃၀ ရက်နေ့ ဗုံးပေါက်ကွဲမှုမှာ လူအထိအခိုက်တော့မရှိဘူး” ဟု ရခိုင်ဒေသသို့ ထောက်/ပို့ရေး လုပ်ဆောင်နေသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
Photo Credit – APM။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar