ရန်ကုန်၊ နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – ချောင်းဦးလမ်းပေါ်တွင် ပျူစောထီးများနှင့်စစ်သားများ ပါဝင်သော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အနီးအနားရှိ ပုရစ်ကုန်းတောင်ရွာမှ ပြည်သူ ၂ ဦး ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန် ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန် မုံရွာမြို့နယ်၊ တောပုရွာမှ ခြေလျင်ထွက်လာ သော အကြမ်းဖက်စစ်တပ်ကို မုံရွာ -ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သားနှင့် ပျူစောထီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်အထိနာသော်စစ်တပ်စစ်ကြောင်းက ယမန်နေ့ နံနက် ၉ နာရီအချိန် မုံရွာ -ချောင်းဦးလမ်းဘေးအနီးရှိ ပုရစ်ကုန်းတောင်ရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူ ၂ ဦးကို ဖမ်းဆီး၍ ရွာပြင်သုဿန်တွင် နှိပ်စက်သတ်ဖြတ်သွားကြောင်း၊ ထို့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“မိုင်းဆွဲခံရပြီး တောပုရွာထဲ ပျူတွေ၊ စခတွေအင်အားထပ်ဖြည့်ပြီးတော့ ပုရစ်ကုန်းတောင်ရွာထဲကို ဝင်ပြီးတော့ ပြည်သူတွေကို ဖမ်းတာ။ သူတို့အထိနာလို့ ဝင်ပြီး ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ တာပါ။ အဲဒီလိုလုပ်ပြီးတော့ တောပုရွာထဲကိုပဲ ပြန်ဝင်သွားကြတယ်။ တခြားကို စစ် ကြောင်းထိုးတာ မျိုးမရှိပါဘူး” ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းတွင်လည်း တောပုရွာမှ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများက ပုရစ်ကုန်းတောင်ရွာအတွင်း ဝင်ရောက်မွှေနှောက်နေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar