32 C
Yangon

ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ၊ စားနပ်ရိက္ခာများ လိုအပ်နေ

Must read

ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ၊ စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ အကြမ်းဖက် စစ်တပ်သည် ရွှေဘိုမြို့ အနောက်ဘက်ရှိ အိုးဘိုရွာသို့ လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်၍ ၂ ရက်ခန့် ယာယီဝင်ရောက် တပ်စွဲခဲ့ကြောင်း၊ နိုဝင်ဘာ ၁ ရက်နေ့တွင် ယင်း စစ်ကြောင်းသည် အိုးဘိုရွာမှ ထွက်လာပြီး ချီပါရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်များကို မွှေနှောက် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ကြောင်းက ချီပါရွာက မထွက်သေးဘူး။ ချီပါရွာအပါအဝင် ရွာ ၁၀ ရွာက ပြည်သူ ၅၀၀၀ ဝန်းကျင် နီးစပ်ရာရွာတွေက ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြရတယ်။ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ ကားလမ်းတွေက ပိတ်ကုန်ပြီး ပစ္စည်းတွေက ပြတ်လပ်နေပေမယ့် အတတ်နိုင်ဆုံးတော့ ချက်ပြုတ်ကျွေးနေတယ်။ သောက်သုံးရေ ၊ ရေအိမ်၊ ဆေးဝါး အခက်အခဲတွေ ရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် ချီပါရွာ (တောင် ၊ မြောက်) အပါအဝင် အိုးဘိုရွာ၊ ကင်းဗျာရွာ၊ အောင်ချမ်းသာရွာ၊ လုံးထောင်ရွာ၊ မဲတောရွာ၊ ကျည်ပွေ့ကုန်းရွာ၊ ငါးဇူကုန်းရွာ၊ ကုလားကျောင်းကုန်းရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရွှေဘို၊ ဆိပ်ခွန်၊ မူးကမ်းကြီး၊ မုံရွာသွာ ကားလမ်းများတွင်လည်း ခရီးသွားကားများ ပိတ်မိနေပြီး ခရီးသွားပြည်သူများလည်း ကားလမ်းဘေးရှိ ရွာများတွင် စစ်ရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article