32 C
Yangon

တရုတ်-မြန်မာနယ်စပ်ရှိ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖီမော်မြို့ရှိ ဝါစိမ်းနီ စစ်ကောင်စီ၏ အလံကို ဖြုတ်ချ

Must read

တရုတ်-မြန်မာနယ်စပ်ရှိ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖီမော်မြို့ရှိ ဝါစိမ်းနီ စစ်ကောင်စီ၏ အလံကို ဖြုတ်ချ

🟥 စစ်ကောင်စီ၏ BP7 တပ်စခန်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိမ်း၏ ကချင်အထူးဒေသ ၁ က အုပ်စိုးထားသော တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ဖီမော်မြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ယမန်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ဖီမော်မြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့တစ်နေ့လုံး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF နှင့်ပြည်သူ့စစ်များက ပြင်းပြင်းထန်ထန် ခုခံနေသည့်ကြားမှ တပ်စခန်းများအားလုံးကို ဆက်တိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ညနေပိုင်းတွင် ဖီမော်မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

KIA က ဖီမော်မြို့သို့ ချီတက် တိုက်ခိုက် သိမ်းပိုက်ရာတွင် လမ်းတလျှောက်ရှိ တပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ BP 7 တပ်ဂိတ်စခန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် သိမ်းပိုက်ရရှိခဲ့ပြီး ယင်းတပ်စခန်းမှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ ခလရ ၂၉၈ မှ ဗိုလ်ကြီး ကိုကိုအောင် ဦးစီးသော လဂွေကျေးရွာ စာသင်ကျောင်းစခန်းကုန်းကိုလည်း သိမပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

“အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်ရင်းစခန်းဌာနချုပ်ကို သိမ်းပိုက်ပြီးတော့ ဖီမော်မြို့ကို သွားရာ လမ်းတစ်လျှောက်မှာ စစ်ကောင်စီရဲ့ BGF တွေနဲ့ ပြည်သူ့စစ်တွေက ပြင်းပြင်းထန်ထန် ခုခံခဲ့တယ်။ မနေ့ညနေပိုင်းမှာ ဖီမော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှစတင်ပြီး ဖီမော်မြို့အနီးတွင် တည်ရှိနေသော အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန်တွင် အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်သည် ဖီမော်မြို့ကို ကာကွယ်ထားသည့် မြို့စောင့်တပ်ဖြစ်ပြီး ဂမ်ခွင်းကျေးရွာတွင် တည်ရှိကြောင်း သိရှိရသည်။

KIA က အောက်တိုဘာလ ၁၄ ရက်နေ့ တွင် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း ၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်သော အမှတ် ၁၀၁၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်း ပိုက် လိုက်ရာ လက်ရှိတွင် ဇခုန်တန့်ယိန်း၏ NDAK လက်အောက်ခံ BGF နယ်ခြားစောင့် တပ်ရင်းဌာနချုပ်တပ်စခန်းများအားလုံးကို KIA က ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်သည်။

KIA က ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း ၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ကချင်အထူးဒေသ ၁ တွင် ကန်ပိုက်တီးမြို့ကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article