26 C
Yangon

မကွေးနှင့် ပြည်ကြီးတံခွန်တို့တွင် လူငယ်များကို စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက ပေါ်တာဆွဲ ဖမ်းဆီးပြီး “နိုင်ငံတော်က မည်သူ့ကိုမဆို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခွင့်ရှိသည်” ဟု မိသားစုဆွေမျိုးများကို စစ်တပ်က တရားဝင်ပြော

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် လူငယ်များကို စစ်တပ်၊ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး “နိုင်ငံတော်က မည်သူ့ကိုမဆို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခွင့်ရှိသည်” ဟု လိုက်လံစုံစမ်းသော မိသားစုများကို စစ်တပ်က တရားဝင်ပြောလာကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနိုဝင်ဘာလ လဆန်းပိုင်း မကွေးမြို့နယ် လွန်မြတ်ကန်ကျေးရွာအုပ်စု လွန်မြတ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းမြိုင်က မကွေးနတ်မောက်လမ်း မြို့ဝင်ဂိတ်တွင် တာဝန်ကျ စစ်သားများနှင့်အတူ ပူးပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူများကို တပ်သားသစ်အဖြစ် စုဆောင်းလျက်ရှိကြောင်း၊ လွန်မြတ်ကန်ရွာနှင့် အနီးရှိကျေးရွာတို့မှ လူငယ်များကိုလည်း တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းလျက်ရှိကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးမှူး ဝင်းမြိုင် ကိုယ်တိုင်က ပျူစောထီး ၃၀ ကျော် စုဆောင်းပြီး တပ်တစ်ခုသဖွယ် စုစည်းဆောင်ရွက်လာကြောင်း သိရှိရသည်။

“စစ်တပ်အတွက်လည်း တပ်သားသစ်စုတယ်။ သူကိုယ်တိုင်လည်း လူအင်အားက ၃၀ကျော်။ လက်နက်အင်အားကလည်း သေနတ်၂၀ကျော်နဲ့ စုဖွဲ့တယ်။ မကွေးနတ်မောက်လမ်းပေါ်မှ ကျေးရွာတချို့နဲ့ မကွေးနေပြည်တော်လမ်းပေါ်မှ ကျေးရွာတချို့မှာ ပေါ်တာဆွဲတာတွေ ဖြစ်နေတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေက မကွေးမြို့ အမှတ် ၃၀၁ ခြေမြန်တပ်ရင်းထဲမှာ ဖမ်းဆီးထားတယ်။ ဖမ်းဆီးခံရသူတွေကို ၃၀၁ခြေမြန်တပ်ရင်းတွေမှာ ငွေကြေးနဲ့ လိုက်ရွေးထုတ်ရတယ်။ ငွေကြေးမရှိရင်တော့ သက်ဆိုင်ရာ စစ်တပ်သင်တန်းကျောင်းကို ပို့ဆောင်ပြီး ရှေ့တန်းအပို့ခံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မကွေးမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရ၍ အမှတ် ၃၀၁ ခြေမြန်တပ်ရင်း ထိန်းသိမ်းခံထားရသော လူငယ်များကို ငွေကြေးမပါဘဲ လိုက်လံ ရွေးထုတ်သည့် လူငယ်များ၏ မိဘဆွေမျိုးများကို စစ်တပ်က “နိုင်ငံတော်က မည်သူ့ကိုမဆို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခွင့်ရှိသည်” ဟု တရားဝင် အသိပေး ပြောဆိုပြီး အိမ်ပြန်ရန်နှင့် အချိန်ကျလျှင် ဖမ်းဆီးခံ လူငယ်များက ပြန်လည် ဆက်သွယ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

မကွေးမြို့နယ်၊ တတ်ကုန်းကျေးရွာအုပ်၊ အင်းနက်ကျေးရွာတွင်လည်း စစ်မှုထမ်းဥပ​ဒေကို အကြောင်းပြ၍ တတ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မိုးဇော်က သေနတ်ခါးကြားထိုး၍ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး ငွေကျပ် ၇ သောင်းမှ ၁ သိန်းအထိ ပေးရမည်ဟု ခြိမ်းခြောက်တောင်းခံနေကြာင်း သိရှိရသည်။

” ကျနော်တို့ရွာမှာ ပြည်သူတွေဒုက္ခရောက်နေပါတယ်။ တတ်ကုန်း အုပ်စု၊ အင်းနက် ကျေးရွာမှာ အုပ်ကြီးက စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး ငွေတွေခဏခဏ တောင်းနေလို့ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေပါတယ်။ တတ်ကုန်း အုပ်ချုပ်ရေးမှူး မိုးဇော်က သေနတ်နဲ့ခြိမ်းခြောက်ပြီး စစ်သားစုဆောင်းတယ်။ ငွေကောက်တယ်။ ပြည်သူတွေကို ရိုက်နှက်နှိပ်စက်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် ဇီးအုပ်ရွာတွင် လူငယ် နှစ်ဦးကို စစ်တပ်ထောက်ခံသူ ဇီးအုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး သန်းထွန်းနှင့် အောင်ကိုလင်းတို့ ပူးပေါင်း ဖမ်းဆီးပြီး ကံကြီးကျေးရွာအုပ်ချုပ်ရေး တင်မိုးဝင်းထံ ပို့ဆောင်ကာ စစ်တပ်ထဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွာသစ်ကလေးရွာတွင်လည်း လူငယ် ၃ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း သိရှိရသည်။

“သန်းထွန်းနဲ့ အောင်ကိုလင်း ဆိုတဲ့ သားမက်နဲ့ယောက္ခထီးက လူငယ်တွေကို ဇီးအုပ်ရွာထဲမှာ ဝင်ဖမ်းတယ်။ ကို့ယ့်ရွာသူကိုယ့်ရွာသားတွေကို သူ တို့ ကိုယ်တိုင် ဖမ်းပြီး ကံကြီးကုန်းအုပ်ကြီး တင်မိုးဝင်းဆီမှာ မျက်နှာလိုမျက်နှာရ သွားပို့တယ်။ ရွာသစ်ကလေးကလည်း နိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီလောက်မှာလည်း လူငယ် ၃ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ စစ်မှုထမ်းခိုင်းဖို့တဲ့။ ကံကြီးကုန်တင်မိုးဝင်းက ခိုင်းသမျှကို ရွာသစ်ကလေးအုပ်ကြီး ဇီးအုပ် အုပ်ကြီး ပေါင်းလုပ်နေကြတာပါ။ ဇီးအုပ် အုပ်ကြီး သန်းထွန်း သူ့သားမက်အောင်ကိုလင်း တော်တော်ဆိုးနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

လက်ရှိ နိုဝင်ဘာလ အတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက် လျှောက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article