26 C
Yangon

ကလေးမြို့တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

Must read

ကလေးမြို့တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း မိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကလေးမြို့ထဲမှ ကလေးကွန်ပျူတာ တက္ကသိုလ်ကို ထွက်လာသည့် စစ်ကောင်စီ တပ်သား ၆ ဦးခန့် လိုက်ပါလာသော ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ကားမှာ မိုင်းထိမှန်ပြီး ထိုးရပ်သွားကြောင်း၊ ကားထိုးရပ်သွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း ကျီးကုန်းဘက်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကွန်ပျုတာတက္ကသိုလ်မှ ခြေလျင် စစ်ကြောင်းတို့ စစ်ကူ ရောက်ရှိလာသောကြောင့် မိုင်းတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများက တော်လှန်ရေးတပ်ဖွဲ့များ မြေမြုပ်ထားသည့် မိုင်းကွင်း ပေါ်တွင် နေရာယူမိသောကြောင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲအရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာကို အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လက်နက်များ ကောက်ယူနိုင်ခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“စစ်ခွေး အင်အား ခန့်မှန်း ၆‌ ကောင်လောက် လိုက်ပါလာတဲ့ ကား ၁ စီးကို အသင့်စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းခွဲ တိုက်ခိုက်တဲ့အချိန်မှာ ကားက ရပ်တန့်သွားတော့ ပစ်ခတ်မှုပါ ထပ်လုပ်ခဲ့တယ်။ တိုက်ခိုက်မှုဖြစ်နေချိန် ကျီးကုန်းဘက်ကနေ စစ်ကူ စစ်ကြောင်း ၁ ကြောင်းနဲ့ ကွန်ပျုတာတက္ကသိုလ်ကနေ ခြေလျင် စစ်ကြောင်း ၁ ကြောင်း ရောက်လာလို့ ကျန်တော်တို့ မိုင်းတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်ခဲ့တယ်။ ရာထူးကြီးထဲက ရဲ ၁ ကောင်ရယ် စစ်ခွေး ၈ ကောင်ရယ် မျက်မြင် စုစုပေါင်း ၉ယောက်သေတယ်” ဟု မိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မိုင်းတပ်ဖွဲ့နှင့် Operation MoMo အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ မိုင်းတပ်ဖွဲ့သည် လက်ရှိချိန်တွင် ဘဏ္ဍာရေး အခက်အခဲများရှိနေကြောင့် ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ထောက်ပံ့ ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article