34 C
Yangon

မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ၃ ခုတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် စစ်တပ်၏ စစ်ရေးနှင့် အုပ်ချုပ်ရေး ပစ်မှတ်များကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်မည်ဟု PDF တပ်ဖွဲ့များက အသိပေး

Must read

မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ၃ ခုတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် စစ်တပ်၏ စစ်ရေးနှင့် အုပ်ချုပ်ရေး ပစ်မှတ်များကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်မည်ဟု PDF တပ်ဖွဲ့များက အသိပေး

ရန်ကုန်၊ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ၃ ခုတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် အကြမ်းဖက် စစ်တပ်၏ စစ်ရေးပစ်မှတ်နှင့် အုပ်ချုပ်ရေးပစ်မှတ်များကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်မည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး လှုပ်ရှားနေသည့် နေရာတိုင်းတွင် အရပ်သား ပြည်သူများကို အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ အရပ်သားပြည်သူများကို အကာအကွယ်ယူ၍ စစ်ရေး လှုပ်ရှားခြင်းများ ပြုလုပ်ဆောင်ရွက်နေပြီး ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ထောက်တိုင်ဖြစ်သော ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလျက် ပြည်သူများအား အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းစစ်ဌာန (တနင်္သာရီ) ဗျူဟာ ၃၅ နယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပူးပေါင်းစစ်ကြောင်းများက စစ်ရေးတို့မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်များကို တိုက်ခိုက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ စစ်ကြောင်းတော့ မထိုးသေးဘူး။ ဒါပေမယ့် ပြင်ဆင်နေတာရှိတယ်။ အဲအတွက် ကျန်တော်တို့ကလည်း အသင့်ပြင်ဆင်ထားတဲ့ သဘောပါပဲ” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြို့နယ် ၃ ခုအတွင်း ပြည်သူများ အနေဖြင့် ပုလောမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်ရှိ မြိတ်မြို့အထွက် ကျောက်ဖြူ တောင်လမ်းဆုံမှ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက် နှင့် တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးများပေါ်၌ သွားလာရာတွင် နံနက် ၆ နာရီ မှ ည ၆ နာရီအတွင်းသာ သွားလာကြရန်နှင့် ခရီးသွားကားများအနေဖြင့် မှန်ချပြီးမှသာ မောင်းနှင်ကြရန်၊ ကုန်ကားများသည် အလုံပိတ်ဖုံးအုပ်ထားခြင်း လုံးဝ မပြုလုပ်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးထားသည်။

ယင်း သတ်မှတ် ရခြင်းသည် အကြမ်းဖက် စစ်တပ်ဘက်မှ အသွင်ယူ လုပ်ဆောင်မှုများရှိနေ၍ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိ၍ အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်သူများ၏ တာဝန်သာဖြစ်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ အသိပေးချက်ကို အမျိုးသား ညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တိုင်းစစ်ဌာန၊ တနင်္သာရီ စစ်ဆင်ရေးဌာန၊ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ တို့က ပူးပေါင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article