24 C
Yangon

ဂွနှင့် တောင်ကုတ်တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၁၁ ဦးသေဆုံးပြီး ဂွမြို့နယ် ဆပ်သွားတံတားကို စစ်တပ်က မိုင်းဖောက်ခွဲချိုးချ

Must read

ဂွနှင့် တောင်ကုတ်တွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၁၁ ဦးသေဆုံးပြီး ဂွမြို့နယ် ဆပ်သွားတံတားကို စစ်တပ်က မိုင်းဖောက်ခွဲချိုးချ

ရန်ကုန်| နိုဝင်ဘာ ၁၅

ရခိုင်ပြည် ဂွမြိုနယ်နှင့် တောင်ကုတ်မြိုနယ်တွင် နိုဝင်ဘာလ ၁၃ ရက်နှင့် နိုဝင်ဘာလ ၁၄ ရက်နေ့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ ချ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကို ရွာထဲတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကျဲချခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ သေဆုံးသူများမှာ အသက် ၉ နှစ်အရွယ် မသဲသဲ အသက် ၁၅ နှစ်အရွယ် မယွန်းရတီလှိင်၊ အသက် ၂၈ နှစ်အရွယ် ကိုရီချမ်း၊ အသက် ၅၄ နှစ်အရွယ် ဦးဘမ်ဒို၊ ဦးမိုးညို၊ အသက် ၆၀ အရွယ် ဒေါ်ခင်သက်မူ၊ အသက် ၆၅ နှစ်အရွယ် ဦးဆန်းလှိုင် တို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများမှာ ဦးနု၊ ဦးထွန်းထွန်းနိုင်၊ ကိုမောင်မောင်နိုင်၊ ဦးတင်ဝင်းနှင့် မလေးလေးဝါးတို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဂွမြို့နယ်၊ ဂျိုင်ကောက် တံတား (ဆပ်သွားချောင်းတံတား) မှာရှိသော စစ်ကောင်စီတပ်ဖွဲဝင်များမှာလည်း ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ည ၈ နာရီခွဲအချိန်တွင် တံတားကို မိုင်းဖောက်ခွဲဖျက်ဆီးပြီး တပ်ဆုတ်သွားကြောင်း ဂွသတင်းရင်းမြစ်က ပြောသည်။

ဂွဒေသခံတစ်ဦးက “တိုက်ပွဲကတော့ နေရာတော်တော်များများမှာ ဖြစ်နေကြပါတယ်။ ဘယ်နေရာမှာဆိုတာက နည်းနည်းခက်တယ်။ ဂျိုင်ကောက်တံတားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ တံတားကို မိုင်းဖောက်ခွဲဖျက်ဆီးပြီး ဂွမြိုဘက်သို ထွက်ပြေးသွားတယ်။” ဟု ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၄ ရက် နံနက် ၃ နာရီအချိန်ခန့် တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကိုလည်း စစ်ကောင်စီ လေကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်မှုတို့ကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံးသွားခဲ့ရ​ကြောင်း သိရှိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက “ရွာအထဲမှာရော အပြင်မှာရော တိုက်ပွဲဖြစ်တာ မရှိဘူးလို သိရတယ်။ အဲဒီရွာက ခမရ ၃၄၆, ၅၄၄ နဲ့ နီးတယ်။ အဲဒီတပ်တွေကနေ ဒရုန်းနဲ့ ဗုံးလာကြဲသွားတယ်။ ရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာလည်းရှိတယ်။ တစ်အိမ်ထဲမှာ မောင်နှမ လေးဦးလို ပြောတယ်။ ဗုံးကြောင့် သေဆုံးသွားတယ်လို မိသားစုတွေဆီက သိရတာပါ။ ဖုန်းလိုင်းတွေက ရလိုက်ပြတ်လိုက်ဆိုတော့ အသေးစိတ်အချက် အလက်က မေးလို့ မရလိုက်ဘူး။” ဟု ပြောသည်။

ရန်ခိုကျေးရွာအနီးတွင် ရှိသည့် ဖုန်ညို၊ ဒုံးရွာ၊ ကြိုးကြာကွင်း စသည့်ကျေးရွာများကိုလည်း စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီတပ်နှင့် AA တို့မှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး တောင်ကုတ်တက္ကသိုလ်မှ စစ်ကောင်စီတပ်ကို AA က တိုက်ထုတ်ပြီး တက္ကသိုလ်အား ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ တောင်ကုတ်မြို့တွင် ပိတ်မိနေသူ အရပ်သားပြည်သူ ၆ သောင်းထက်မနည်းရှိပြီး နှစ်ဖက်တိုက်ပွဲမှာ တောင်ကုတ်မြိုထဲသို့ ရောက်ရှိလာ၍ ပိတ်မိနေသူများမှာ ကစဉ့်ကလျားထွက်ပြေးနေရကြောင်း၊ တချို့ပြည်သူများမှာမူ မြို့ထဲတွင် ဆက်လက်ပုန်းခိုနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၍ သေဆုံးခဲ့ရသော ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာသားများအား တွေ့ရစဉ်။ (Photo – APM)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article