28 C
Yangon

တိုင်းရင်းသားများ သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တည်ငြိမ်အေးချမ်းမှ ပြန်ဖွင့်မည်ဟု တရုတ်ပြော

Must read

🟥ကချင် ပြည်သူအကြား ဒေသထွက်ကုန်များဖြင့် လည်ပတ် ရပ်တည်နေထိုင်ရေး ကြိုးစား

ရန်ကုန်၊ နိုဝင်ဘာ ၂၂

တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို အစိုးရချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှ လိုအပ်သလို ခွင့်ပြုဆောင်ရွက်မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး မြင့်ကြိုင်နှင့်တွေ့ဆုံစဉ် တရုတ်၊ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူးနှင့် ဒုညွှန်ကြားရေးမှူးချုပ်တို့က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများက သတင်းဖော်ပြထားသည်။

“EAO များ ထိန်းသိမ်းထားသည့် နယ်စပ်ဒေသများရှိ နယ်စပ်စစ်ဆေးရေးဂိတ်များကို လက်ရှိအခြေအနေတွင် ဝင်/ထွက်မှုများ ရပ်ဆိုင်းကာ ပိတ်သိမ်းထားရှိမှု၊ အစိုးရအချင်းချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှသာ ပိတ်သိမ်းထားသည့် နယ်စပ်ဂိတ်များကို လိုအပ်သလို ခွင့်ပြုမည့် အခြေ အနေများကို တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် လူဝင်မှု စစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှု စစ်ဆေးရေးဌာနမှူး Mr. Jiang Bing က ရှင်းလင်းပြောဆိုခဲ့ကြောင်း” သိရှိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၊ အမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲရေးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသ ထိန်းသိမ်းရေးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Tao က နှစ်နိုင်ငံနယ်စပ်ရှိ EAO များ ထိန်းချုပ်နယ်မြေများမှ နယ်စပ်ဝင်/ထွက်ဂိတ်များကို တည်ငြိမ်းအေးချမ်းပါ နှစ်နိုင်ငံ ပြည်သူများအတွက် ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မှု အခြေအနေများကို ရှင်းလင်းခဲ့သည်ဟု သိရှိရသည်။

တရုတ်အစိုးရက MNDAA ကိုးကန့်တပ်များ သိမ်းပိုက်ထားသော ရှမ်းပြည်မြောက်ပိုင်း၊ နယ်မြေများမှ တရုတ်-မြန်မာနယ်စပ်ဂိတ်များ၊ ကချင်ပြည်နယ်အတွင်းရှိ KIA က တိုက်ခိုက်သိမ်းပိုက်ထားသော နယ်မြေများမှ နယ်စပ်ဂိတ်များအားလုံးကို တစ်ဖက်သတ် ပိတ်ပင်ထား ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ရှိ KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တရုတ်ဘက်က တစ်ဖက်သတ်ပိတ်ပင်မှုနှင့်ပတ်သက်၍ ကချင်ပြည်သူတချို့က မိမိတို့၏ ဒေသထွက်ကုန်များဖြင့် ရပ်တည်လည်ပတ်နိုင်ရန် ကြိုးပမ်းလှုံ့ဆော်လာကြကြောင်း၊ ကချင်လူမှုရေးနှင့်ဘာသာရေး ကွန်ရက်တချို့အကြားတွင်လည်း ဒေသထွက်ကုန်များကိုသာ အဓိကအားကိုး၍ ရပ်တည်သွားကြရေး တိုက်တွန်းနှိုးဆော်မှုများရှိနေကြောင်း၊ အထူး သဖြင့် တရုတ်နိုင်ငံက ကချင်ပြည်နယ်မှ ကျောက်စိမ်း၊ မြေရှား အပါအဝင် သဘာ၀တွင်းထွက်ပစ္စည်းများကို နှစ်ပေါင်းများစွာ အောက်စျေးဖြင့် ထုတ်ယူသုံးစွဲခဲ့မှုများကြောင့် ကချင်ဒေသတွင် သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ နယ်စပ်ဂိတ်များ ပိတ်ပင်၍ အမှန်တကယ် အကျိုး ဆုတ်ယုတ်သူများမှာ သယံဇာတ ထုတ်ယူလိုသော တရုတ်နိုင်ငံသားများသာဖြစ်လိမ့်မည်ဟု ပြောဆိုသည်။

“ကျနော်တို့ကတော့ တောင့်ခံမယ်။ ဒီနယ်စပ်ဂိတ်တွေ ဖွင့်တုန်းကလည်း ကျနော်တို့ ကချင်ပြည်သူတွေ အကျိုးဖြစ်ထွန်းခဲ့တာဘာများရှိလို့လဲ။ တောင်တွေပြို၊ တောတွေပျက်၊ မြစ်ရေတွေ နောက်ကျိကုန်တယ်။ တကယ်ချမ်းသာသွားတာက တရုတ်တွေနဲ့ မြန်မာစစ်တပ်ထိပ်ပိုင်း တွေပဲ။ ဖားကန့်ကိုပဲ ကြည့်။ တရုတ်တွေနဲ့ စစ်တပ်ပေါင်းပြီး ကျောက်စိမ်းတူးလိုက်တာ ဖားကန့်တစ်ခုလုံး ပျက်စီးသွားတယ်။ အဲဒီတော့ အခုလို နယ်စပ်ဂိတ်တွေ တရုတ်ဘက်က ပိတ်တာ ကျနော်တို့ ကချင်ပြည်သူတွေက သာတောင်ကြိုက်သေးတယ်။ ပိတ်လေ ပိုကောင်းလေပဲ” ဟု ကချင်ဘာသာရေးကွန်ရက်မှ အမှုဆောင်တစ်ဦးက သုံး သပ်ပြောဆိုသည်။

ယခုနိုဝင်ဘာလဆန်းပိုင်း တရုတ်ပြည်သို့ အကြမ်းဖက် မင်းအောင်လှိုင် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံက စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြောဆိုပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ကူညီမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဓာတ်ပုံ – စစ်ကောင်စီဝန်ကြီး မြင့်ကြိုင်နှင့် တရုတ်အရာရှိတချို့ တွေ့ဆုံနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီဝန်ကြီး မြင့်ကြိုင်နှင့် တရုတ်အရာရှိတချို့ တွေ့ဆုံနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article