32 C
Yangon

ကြံ့ဖွတ်အမတ်လောင်းပြုတ် တင်ထွန်းဦးနှင့် ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏သား အေးချမ်းတို့ ဦး ဆောင်သော စစ်တပ် လက်အောက်ခံ သတင်းမီဒီယာကောင်စီ တရားဝင်မှု မရှိဟု IPCM နှင့် IMJA တို့က ပြင်းထန်စွာကန့်ကွက်

Must read

ကြံ့ဖွတ်အမတ်လောင်းပြုတ် တင်ထွန်းဦးနှင့် ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏သား အေးချမ်းတို့ ဦး ဆောင်သော စစ်တပ် လက်အောက်ခံ သတင်းမီဒီယာကောင်စီ တရားဝင်မှု မရှိဟု IPCM နှင့် IMJA တို့က ပြင်းထန်စွာကန့်ကွက်

ရန်ကုန်| နိုဝင်ဘာ ၂၂

ကြံ့ဖွတ်အမတ်လောင်းပြုတ် တင်ထွန်းဦးနှင့် ဝန်ကြီးဟောင်းနှင့်ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏ သား အေးချမ်းတို့ ဦးဆောင်သော စစ်ကောင်စီ လက် အောက်ခံ သတင်းမီဒီယာကောင်စီက မြန်မာသတင်းသမားများကို ကိုယ်စားမပြုဘဲ စစ်တပ်ဝါဒဖြန့်ယန္တရားဖြစ်၍ ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် အကြမ်းဖက် စစ်ကောင်စီက ဖွဲ့စည်းလိုက်သော သတင်းမီဒီယာကောင်စီတွင် အဖွဲ့ဝင် ၂၅ ဦး ပါဝင်ပြီး ဥက္ကဋ္ဌ အဖြစ် ကြံ့ဖွတ်ပါတီ၏ အမတ်လောင်းပြုတ် တင်ထွန်းဦး၊ အတွင်းရေးမှူးအဖြစ် ဝန်ကြီးဟောင်းနှင့် ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏ သား အေးချမ်းတို့က ဦးဆောင်ပါဝင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများအား ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေး လုပ်ဆောင်ရန်အတွက် ဆောင်ရွက်ရန်သာဖြစ်ကြောင်း၊ စစ်ကောင်စီ ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီ ဥက္ကဌ သည် စစ်တပ်လက်ဝေခံ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တင်ထွန်းဦးဖြစ်ကြောင်း၊ အတွင်းရေးမှူး အေးချမ်းမှာလည်း ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သားဖြစ်သည်ကို ထောက်ရှုခြင်းအားဖြင့် စစ်ကောင်စီအကျိုးစီးပွားကိုသာ ကာကွယ်ပေးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် မည်သို့မျှရပ်တည် လုပ်ဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း IPCM က ဝေဖန်ထားသည်။

“အခု ဖွဲ့လိုက်တဲ့ မြန်မာသတင်းမီဒီယာကောင်စီက တရားမဝင်ပါဘူး။ တကယ့်လွတ်လပ်တဲ့ သတင်းမီဒီယာတွေကိုလည်း ကိုယ်စားမပြုပါဘူး။ အထူးသဖြင့်တော့ ဥက္ကဋ္ဌ ဆိုတာက အရင်တုန်းက ကြံ့ခိုင်ရေး အမတ်ဝင်ပြိုင်ခဲ့တဲ့သူ၊ အတွင်းရေးမှူးဆိုတာကလည်း ဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့သား။ ဘာမီဒီယာ Background မှလည်း မရှိပါဘူး။ နောက်တစ်ခါ မီဒီယာလွတ်လွပ်ခွင့်နဲ့ မီဒီယာဖွံ့ဖြိုးရေးအတွက်လည်း ဘာမှ လုပ်နိုင်မယ်လို့ မထင်ပါဘူး။ အဲဒါကြောင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည်သာတရားဝင် အဖွဲ့အစည်းဖြစ်ပါတယ်” ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်လက်အောက်ခံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ တင်ထွန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီ ကိုယ်စားပြု၍ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း သတင်းထောက် သုံးဦး ထပ်မံ အသတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ရေတွက်လျှင် စုစုပေါင်း ၈ ဦးအထိ ရှိလာခဲ့၍ သတင်းသမားကာကွယ်ရေးကော်မတီ CPJ ၏ ၂၀၂၄ Global Impunity Index တွင် အဆင့် ၁၀ သတ်မှတ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရသူများအနက် သတင်းသမား ၅၀ ဦးမှာလည်း ယနေ့အထိ အကျဉ်းထောင်အသီးသီးတွင် မတရားသော ပြစ်ဒဏ်ကို ကျခံနေရဆဲ ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံကို စွန့်ခွာတိမ်းရှောင်ရသော သတင်းမီဒီယာသမား အများအပြားလည်း ရှိနေကြောင်း၊ သတင်းမီဒီယာများ၊ သတင်းသမားများကာကွယ်ရေးနှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆောင် ရွက်နေကြသည့် ဒေသတွင်းနှင့် နိုင်ငံတကာရှိ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုကြရန် IPCM က တောင်းဆိုထားသည်။

သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် အမှန်တယ် ရည်ရွယ်၊ ဖွဲ့စည်း၊ ရပ်တည်လုပ် ဆောင်နေသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM နှင့်သာ ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အလားတူ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး(IMJA)ကလည်း စစ်ကောင်စီ အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း နှင့် ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန် သည်။

စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီက လွတ်လပ်သော သတင်း မီဒီယာများနှင့် သတင်းသမားများကို ဖိနှိပ်ရန်နှင့် သတင်းလွတ်လပ်ခွင့်ကို ချုပ်ချယ်ရန် စစ်ကောင်စီအလိုကျ ဖွဲ့စည်းခြင်းသာ ဖြစ်ကြောင်း၊ စစ်ကောင် စီ၏ ဝါဒဖြန့် ယန္တရားလည်ပတ်စေရေးအတွက်သာ လုပ်ဆောင်မည် ဖြစ် ကြောင်း လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) က ကြေညာချက်ထုတ်ပြန် ရှုတ်ချထားသည်။

ဓာတ်ပုံ- ကြံ့ဖွတ် အမတ်လောင်းပြုတ် တင်ထွန်းဦးနှင့် ဝန်ကြီးဟောင်း စိုးသိန်း၏သား အေးချမ်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article