မြိုင်နှင့် စလင်းရှိ စစ်တပ် တပ်စွဲထားသောနေရာနှင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကန်နီရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်တော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ စစ်ကောင်စီ တပ်သားတွေအနေနဲ့ ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့ရင်ခွင် ခိုလုံပါလို့ပဲပြောချင်ပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဖွဲ့စည်းခြင်း ၃ လပြည့်အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ လျှက်စည်းပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက် ကျားတပ်ဖွဲ့၊ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း(၁) နှင့် ပခုက္ကူခရိုင်တပ်ရင်း(၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်း တိုက်နယ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်စဉ် တာဝါတိုင်ကုန်း၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ရန် ချဉ်းကပ်စဉ် တာဝါတိုင်ကုန်းတွင် ကင်းယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေဘက်က ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။ ကျန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ အခုမနက်ပိုင်း လင်းဇင်းရဲစခန်းမှာ စစ်ခွေး အင်အားတွေ ထပ်ဖြည့်နေပါတယ်” ဟု ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။