ရန်ကုန်၊ နိုဝင်ဘာ ၂၆
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှုများပြားလာ၍ အကြမ်းဖက် စစ်တပ်က ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များကို အစားထိုး ခန့်အပ်မှုများ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကြို့ပင်ကောက်တွင် လက်ရှိအချိန် ဒေသတော်လှန်ရေးတပ်ဖွဲ့များက အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင်ဖြစ်သော အုပ်ချုပ်ရေးမှူးများကို ဆက်တိုက် ရှင်းလင်းတိုက်ခိုက်နေခြင်းကြောင့် အုပ်ချုပ်ရေးမှူးများမှာ ဆက်လက် အလုပ်မလုပ်ရဲတော့ဘဲ နုတ်ထွက်မှုများ ပိုမိုများပြားလာနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာ အုပ်စု စုစုပေါင်း ၄၉ အုပ်စုရှိပြီး မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စု ၂၅ စုတွင် ကုန်းရွာအုပ်စုနှင့် ကျွန်းနဲကုန်းရွာအုပ်စုတို့တွင်သာ အုပ်ချုပ်ရေးမှူး ၂ ဦးတည်း ခန့်အပ်ထားနိုင်ကြောင်း၊ ထို့ပြင် မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာ အုပ်စု ၂၄ စုတွင်လည်း အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှုများလာခြင်းကြောင့် အကြမ်းဖက် စစ်တပ်က ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များကို အစားထိုး ခန့်အပ်မှု ပိုမိုလုပ်ဆောင်လာကြောင်း သိရှိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ကုန်းရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ပျူစောထီး ခေါင်းဆောင် စိုးမိုးနိုင်ကို ခန့်အပ်ပြီး ကျွန်းနဲကုန်းရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ပျူစောထီး အဖွဲ့ဝင် မောင်ဇော်ကို စစ်တပ်က ခန့်အပ်ထားကြောင်း သိရှိရသည်။
“ကြို့ပင်ကောက်မှာ စစ်တပ်က နယ်မြေစိုးမိုးဖို့ ပျူစောထီးတွေ ကြံ့ဖွတ်ပါတီဝင်တွေကို ပိုအသုံးချလာတာတွေရှိတယ်။ ကျေးရွာ အုပ်စုတွေမှာ လစ်လပ်နေတဲ့ အုပ်ကြီး နေရာတွေမှာ ဆက်တိုက် ခန့်အပ်လာပြီး သူတို့ ထောက်တိုင်အဖြစ် အသုံးချလာဖို့လုပ်လာတယ်။ ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက်အခြမ်းမှာတော့ တော်တော်များများ အုပ်ကြီးတွေ အရှင်းခံရတာနဲ့ အကုန်ထွက်နဲ့ဆို ၂၅ အုပ်စုထဲမှာမှ အုပ်ချုပ်ရေးမှူး ခန့်နိုင်တော့တာ ၂ အုပ်စုပဲ ရှိတော့တယ်။ ကုန်းရွာအုပ်စုနဲ့ ကျွန်းနဲကုန်းအုပ်စု အဲဒီ အုပ်စု ၂ ခုပဲရှိတော့တယ်” ဟု စစ်တပ် သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ပေါင်းတည် အပါအဝင် မြို့နယ်များတွင် မြို့ပေါ် ဒေသများကိုသာ အဓိက လွှမ်းမိုးနိုင်ပြီး ကျေးရွာများတွင်မူ နယ်မြေစိုးမိုးနိုင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ကြို့ပင်ကောက်မှ အုပ်ချုပ်ရေးမှူးတစ်ဦး တင်ပြထားသည့် နုတ်ထွက်စာ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar