32 C
Yangon

မြင်းခြံနှင့်ခင်ဦးမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို လုယက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို လုယက်သွားပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စံပြရွာနှင့် ပျော်ဖွယ်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ဆိုင်ကယ် ၁၅ စီးနှင့် ကျေးရွာအတွင်း ပိတ်မိနေသော ပြည်သူများထံမှ ရွှေနားကပ်၊ ဆွဲကြိုးနှင့် ပိုက်ဆံများကို ခိုးယူသွားကြောင်း သိရသည်။

ယင်း စစ်ကြောင်းတပ်စွဲထားသော လည်သစ်ရွာကို တော်လှန်ရေး တပ်ဖွဲ့များက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သစ်ပင်ရှည်ရွာနှင့် ဆောင်းခေါက်ရွာတွင် တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက သစ်ပင်ရှည် နဲ့ ဆောင်းခေါက်မှာ တပ်စွဲထားတယ်။ လည်သစ်ရွာကတော့ သူတို့ ပျူခွေးတွေရှိတဲ့ ရွာပေါ့။ စံပြရွာနဲ့ ပျော်ဖွယ်ရွာကနေပြီးတော့ ဆိုင်ကယ် ၁၅ စီးပါသွားတယ်။ ပြည်သူတွေရဲ့ ရွှေနားကပ်တွေ၊ ဆွဲကြိုးတွေ ဖြုတ်ပြီးတော့မှ ပိုက်ဆံတွေလည်း ယူသွားတယ်။ ရွာထဲကို ခွေးတွေဝင်လာတဲ့ အချိန် ပြည်သူတွေနဲ့ ရုတ်တရတ်သွားတွေ့တာ စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတော့ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး။ အဲအနီးအနားက ရွာတွေကတော့ ခွေးစစ်ကြောင်းရန်နဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် ထွက်ပြေးနေရတယ်” ဟု မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုန့ယ်ကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦး အခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေဦးမြို့နယ် တိုင်းရင်းဆေးရုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခင်ဦးမြို့နယ် အတွင်းရှိ မြင်းဒေါင်းရွာနှင့် အင်းပတ်ရွာဘက်ကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်ကြီး ၅ လုံးထက်မနည်း စစ်ခွေးတွေ အကြောင်းမဲ့ ပစ်ခတ်တာ မြင်းဒေါင်းရွာနဲ့ အင်းပတ်ရွာဘက်ကို ပစ်တာ ပြည်သူတွေတော့ တိမ်းရှောင်နေရတာရှိတယ်။ ဘာတိုက်ပွဲမှ ဖြစ်တာမှမရှိဘူး။ ဘာသတင်းရလို့ ပစ်တာလည်းတော့မသိဘူး။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်များက စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာပြီး ကျေးရွာများကို မီးတင်ရှို့ခြင်းနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကိုလည်း တိုးမြှင့်လုပ်ဆောင်လာနေကြောင်း စစ်ကိုင်းတိုင်းမှ တော်လှန်ရေးတပ်များ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- FBR။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article