ရန်ကုန်၊ နိုဝင်ဘာ ၂၇
ချင်းပြည်နယ်၊ ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ပွိုင့်- ၃ စခန်းတပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အဆိုပါ ပွိုင့် ၃ တောင်စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၄၀ ဝန်းကျင် တပ်စွဲထားသော စခန်းဖြစ်ကြောင်း၊ ၃ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အင်အား ၄၀ လောက်ရှိတဲ့စခန်းဖြစ်ပါတယ်။ အလောင်း ၄ လောင်းရတယ်။ ဒဏ်ရာရသူလည်းများတယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံ ရှင်းလင်းနေတယ်။ လက်နက်ခဲယမ်းတွေလည်း ရရှိပါတယ်”ဟု CNA သတင်းရင်းမြစ်က ရှင်းပြသည်။
လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေဖြင့် သေနတ် ၆ လက်နှင့် ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ပွိုင့် ၃ စခန်းသိမ်းတိုက်ပွဲသည် နို၀င်ဘာ ၂၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှု၊ အမြောက်တပ်၏ လက်နက်ကြီးပစ်ခတ်၍ ခုခံသည့်ကြားမှ ယင်းစခန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar