ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရိုဟင်ဂျာများကို နိုင်ငံတွင်းမှနှင်ထုတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်ု အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ်က လျှောက် ထား လိုက်ပြီဖြစ်ရာ ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM အနေဖြင့် ICC တရားရုံးနှင့် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင် ထုတ်ပြန် ကြေညာသည်။
ICC ၏ တရားလိုရှေ့နေက စုံစမ်းစစ်ဆေးရာတွင် များစွာသော အထောက် အထားများနှင့် စိစစ်သုံးသပ်ချက်များ၊ သက်သေများ၏ ထွက်ဆိုချက်များကို တရားလိုရှေ့နေ၏ ရုံးထံ မျှဝေပေးခြင်းဖြင့် IIMM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကြုံတွေ့ခံစားခဲ့ရသူများစွာကို တွေ့ဆုံမေးမြန်းရာတွင်လည်း IIMM နှင့် ICC တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ICC တရားသူကြီးများက တရားလိုရှေ့နေ၏ တင်သွင်းချက်နှင့် အထောက်အထားကို ဆန်းစစ်သုံးသပ်ပြီး ဖမ်းဝရမ်း ထုတ်၊ မထုတ် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အမြင့်ဆုံးရာထူးရှိသူကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်းသည် ဥပဒေ၏အထက်တွင် မည်သူမျှရှိမနေကြောင်း ပြစ်မှုကျူးလွန်သူများထံသို့ သတင်းစကားပါးလိုက်ခြင်း ဖြစ်ကြောင်း IIMM အကြီး အကဲက ဆိုသည်။
ယခုတောင်းဆိုမှုသည် ဖမ်းဝရမ်းအတွက် ပထမဆုံးတောင်းဆိုမှုဖြစ်ပြီး “နောက်ထပ်လည်း ရှိလာဦးမည်” ဟု တရားလိုရှေ့နေ၏ရုံးက ဖော်ပြနေကြောင်း၊ ICC ၏ စုံစမ်းစစ်ဆေးမှုများတွင် IIMM ယန္တရားက ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ IIMM ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံကာ အချက်အလက်များ မျှဝေပေးပြီး ၎င်းတို့၏ အချက်အလက်များကို ICC ထံသို့ တဆင့်မျှဝေခွင့်ပြုပေးသည့် ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာများနှင့် အခြားသက်သေများကို IIMM က အမှတ်ရ ဂုဏ်ပြုကြောင်း၊ အဆုံးတိုင်တရားမျှတမှုရရှိရေးအတွက် ၎င်းတို့၏ အတွေ့အကြုံများက အခရာအကျဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရာထောင်ချီသည့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အတင်းအကြပ် ပြေးဝင်ခိုလှုံရစေသည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်သည့် ရာဇဝတ်မှုများကို ငါးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တရားလိုရှေ့နေက ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာ တရားရုံးများရှိ တရားစီရင်ရေးဆိုင်ရာဆောင်ရွက်ချက်များအား ကူညီပံ့ပိုးရန် IIMM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ IIMM ယန္တရားသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံနေရာအနှံ့တွင် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ အထောက်အထားများကို စုဆောင်းနေကြောင်း၊ ကျူးလွန်ခံရသူ သို့မဟုတ် ကျူးလွန်သူများ၏ လူမျိုးစု၊ ဘာသာဝင် သို့မဟုတ် နိုင်ငံရေးရပ်တည်ချက်များကို မခွဲခြားကြောင်း၊ ယန္တရား၏ လုပ်ပိုင်ခွင့်အရ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်သော ရာဇဝတ်မှုများကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း IIMM အကြီးအကဲက ထုတ်ပြန်ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar