26 C
Yangon

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ်မည့်ကိစ္စ တိုင်းပြည်အာဏာကို မတရား လုယူသူများအတွက် အချက်ပေးခေါင်း လောင်းသံဟု NUG ဝန်ကြီးချုပ်ပြော၊ အာဏာသိမ်းပြီးနောက် စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ရရှိရေး NUG က ဆက်ကြိုးပမ်းမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်မည့်ကိစ္စမှာ တိုင်းပြည်အာဏာကို မတရား လုယူသူများအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၄) တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ်မည့်ကိစ္စသည် အမှန်တရား ချစ်မြတ်နိုးသူ ဓမ္မဘက်တော်သားများနှင့် နွေဦးတော်လှန်ရေးအတွက် အား တက် ကျေနပ်စရာကိစ္စဖြစ်ကြောင်း၊ အမှန်တရားသည် အချိန်စောင့်ရတတ်သော်လည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

“နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ တရားလိုရှေ့နေတစ်ဦးက မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်သမား မင်းအောင်လှိုင်ကို ရိုဟင်ဂျာ အရေးနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်လိုက်တဲ့ ကိစ္စကို အားလုံးလည်း ကြားသိပြီးဖြစ်ပါကြောင်း။ ဒါဟာ အမှန်တရား ချစ်မြတ်နိုးသူ ဓမ္မဘက်တော်သား ကျွန်တော်တို့တွေ ဆင်နွဲနေကြတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးအတွက်တော့ အင်မတန်မှ အားတက်ကျေနပ်စရာ ကိစ္စတစ်ခုပဲဖြစ်ပါကြောင်း။ တိုင်းပြည် အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ ပြည်သူ့လက်ထဲက လုယူဖို့ကြိုးပမ်းနေသူတွေအတွက် အချက် ပေးခေါင်းလောင်းသံလည်း ဖြစ်ပါကြောင်း။ အမှန်တရားဟာ အချိန်စောင့်ရတတ်ပေမယ့် ဓမ္မ ဘက်တော်သားတွေရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်တော့ ရောက်လာတတ်စမြဲပဲမို့ ကျွန်တော်တို့ ရှေ့ခရီးလမ်းအတွက် အားလုံးအတူတကွ ဆက်လက်ကြိုးစားပေးကြဖို့ ဦးစွာတိုက်တွန်းပြောကြား လိုပါကြောင်း” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။

NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း မင်းအောင်လှိုင်ကို ICC တရားရုံးတွင် ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားမှုသည် ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုနှင့်ပတ်သက်၍ တရားစီရင်မှုများ ပေါ်ပေါက်ရန် ကောင်းမွန်သည့် ခြေလှမ်းဖြစ်ကြောင်း၊ ထိုမှတဆင့်တရားစီရင်ရန်နှင့် ကြားနာစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် အားတက်ဝမ်းသာစရာဖြစ်ကြောင်း ၊ အာဏာသိမ်းပြီးနောက် ကျူးလွန်သော စစ်တပ်၏ စစ်ရာဇဝတ်မှုများအတွက်လည်း တရားမျှတမှု ရရှိရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် သတင်း ထုတ်ပြန်ထားသည်။

“လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရရုံမကဘဲနဲ့ ရာဇဝတ်မှုတွေပါ ကျူးလွန်ခံနေရတဲ့ ရိုဟင်ဂျာများ အပါအဝင် ပြည်သူများအားလုံးအတွက် အခုလိုမျိုး တရားမျှတမှု ဖော်ဆောင် နိုင်ဖို့ လမ်းကြောင်းပေါ်လာခြင်းက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာလည်းဖြစ်သလို ဖြစ်ဖို့ လည်း လိုအပ်ခဲ့တာ ကြာပါပြီ။ အာရှရဲ့စစ်ခေါင်းဆောင်တွေထဲမှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ကတော့ ပထမဦးဆုံး ICC က ဖမ်းဝရမ်းထုတ်ခံရမယ့် လူဖြစ်လာ ပါပြီ။ အခုလိုမျိုး ဝရမ်းထုတ်ဖို့ ဦးတိုက်လျှောက်ထားခြင်းက အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်ကို စိတ်ပိုင်းဆိုင်ရာကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ရုံမက ကျူး လွန် ခံရသူတွေအတွက် တရားမျှတမှု ဖော်ဆောင် နိုင်မယ့် လမ်းကြောင်းပဲဖြစ်ပါတယ်။ အခုဝရမ်းက ရိုဟင်ဂျာများအပေါ် ကျူး လွန်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ဖမ်း ဝရမ်းထုတ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာလုခဲ့တဲ့ နောက်ပိုင်း အရပ် သား ပြည်သူများ အားလုံးအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက်လည်း တရားမျှတမှုဖော်ဆောင်နိုင်အောင် ဆက်လက် ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောဆိုထားသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကမူ ICC တရားရုံး၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း တရားဝင် တုံ့ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article