အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို သာယာဝတီထောင်သို့ ကြိုတင်အသိမပေးဘဲ ရုတ်တရက် ပြောင်းရွှေ့
ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို သာယာဝတီထောင်သို့ ကြိုတင် အသိပေးခြင်းမရှိဘဲ ထောင်ပြောင်းရွှေ့နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ခင်းအစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို ထောင်ပြောင်းရွှေ့ရန် လုပ်ဆောင်နေသည်ကို ကနဦးသိရှိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။
“ပထမအချက်အနေနဲ့ နိုင်ကျဉ်းတွေရဲ့ မိသားစုဝင်တွေ စပြီးခက်ခဲတယ်။ တစ်လတစ်ကြိမ် ပါဆယ် ပုံမှန်ပို့ဖို့တောင် ခက်ခဲနေတဲ့ မိသားစုဝင်တွေက အခုဆိုရင် လမ်းခရီစရိတ်တွေပါ ထပ်တိုးလာလို့ တစ်လတစ်ကြိမ် ပုံမှန်ပို့နေတဲ့ အခြေအနေကနေမှ ၃ လတစ်ကြိမ် ပုံမှန်ပို့နိုင်ဖို့တောင် မနည်းကြိုးစားရတာတွေ ဖြစ်လာတယ်။ ဒီအခြေအနေတွေကို သိလာတဲ့ အကျဉ်းဦးစီးဌာနကလည်း သူတို့ကို အမြဲတမ်းဆန့်ကျင်ကန့်ကွက်တဲ့လူတွေ၊ အဖိနှိပ်ခံရတဲ့ နိုင်ကျဉ်းတွေဘက်က ရပ်တည်နေတဲ့ ဦးဆောင်သူတွေ၊ ပြည်သူသပိတ်လှုပ်ရှားမှုတွေကို ထောင်ထဲမှာ ပူးပေါင်းပါဝင်ကြသူတွေကို အဓိက ရွေးချယ်ပြီး မိသားစုနဲ့ အဝေးဆုံးထောင်တွေကို ရည်ရွယ်ချက်ရှိရှိ ပို့ဆောင်နေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် ပြောင်းရွှေ့ရသည့် သာယာဝတီထောင်သည် အကျဉ်းသားများ ရောက်ရှိလာချိန် ထောင်ဝင်ဝတွင်ပင် အကျဉ်းသားများကို ရိုက်နှက်သည့် ထောင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို သီးသန့်ဖိနှိပ်ရန် ပြင်ဆင် ကြံရွယ်နေသည့် ထောင်တစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် သာယာဝတီထောင်သည် ဒုတိယကမ္ဘာစစ်ကာလတွင် ဂျူးများကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ရန် တည်ဆောက်ထားသည့် နာဇီအကျဉ်းစခန်းများနှင့် ထပ်တူသည့် ထောင်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။
“အုပ်ချုပ်တဲ့ ထောင်ပိုင် ရဲရင့်နိုင် ကအစ စစ်တပ်ဘက်မှ အသွင်ပြောင်းရောက်လာတဲ့ မိုးကျရွှေကို တစ်ဦးဖြစ်ပြီး နိုင်ကျဉ်းတွေကို ဖိနှိပ်ရာမှာ သူကိုယ်တိုင်ဦးဆောင်နေတဲ့အတွက် ရှေ့လျောက် ဒီထက်ပိုပြီး သာယာဝတီထောင်ကို ပိုပြီးအာရုံစိုက် စောင့်ကြည့်သွားပေးကြဖို့ ပြည်သူတွေ တော်လှန် ရေးအင်အားစုတွေ လူ့အခွင့်အရေးအဖွဲ့တွေကို တိုက်တွန်းပါရစေ” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူ ၂၀၀၀၀ နီးပါးကို ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ကာ ထောင်တွင်းတွင်လည်း ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ကျူးလွန်နေကြကြောင်း သိရှိရသည်။