ညောင်လေးပင်ခရိုင်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံး၊ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ဘုန်းကြီးကျောင်းများ ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၁
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံးပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မူးမြို့နယ်၊ သေဂေးလူ (ရင်းတိုက်ကုန်း) ကျေးရွာ၌ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က ရေလဲဗမာကျေးရွာ အတွင်းကို ဒရုန်းဖြင့် ၂ ကြိမ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကုန်းချောင်းဝ၌ နေရာယူထားသော အကြမ်းဖက် စစ်တပ်က ဟော်ခိုဝေါ (ငထွေစုတ်) ကျေးရွာကို ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပေါက်ဇလုပ်ကျေးရွာမှ ဖခင်ဖြစ်သူ ကိုစိုးမင်းနောင်၊ မိခင်ဖြစ်သူ မနုနုဝင်းတို့နှင့် သမီးဖြစ်သူ မအေးမြတ်ငြိမ်းတို့သည် မြို့ပေါ်ကို ဈေးသွားဝယ်ထွက်လာစဉ် ညောင်ပင်သာကျေးရွာအရောက်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အသက် ၂၇ နှစ်အရွယ် ကိုစိုးမင်းနောင် နှင့် အသက် ၅ နှစ် အရွယ် မအေးမြတ်ငြိမ်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အသက် ၂၅ နှစ်အရွယ် မနုနုဝင်းသည် ဖြူးဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လယ်ဒိုမြို့နယ်၌ ခလရ-၂၆၄ တပ်ရင်း ၊ အနန်းဘော်ရွာ၌ ရောက်ရှိနေသော စစ်တပ်နှင့် နတ်သံကွင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက ဒရုန်း၊ လက်နက်ကြီးများဖြင့် ယောက်သွားကုန်းရွာ၊ ကော်သာစေးကျေးရွာ၊ ဝက်လာတောကျေးရွာ၊ ရွာသာယာကျေးရွာ ဘုန်းကြီးကျောင်း၊ သူးကဘီး (ကျွဲတလင်း) ကျေးရွာ ဘုန်းကြီးကျောင်း၊ ဖါးလဲဘာကုန်းရွာတို့ကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း သူးကဘီး (ကျွဲတလင်း) ကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် ကျောင်းဝင်းအတွင်းရှိ ရေကန် ၁ ကန် ၊ ဆိုလာ ၁ ချပ် နှင့် ရွာသာယာကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခလရ-၂၆၄ တပ်ရင်း ၊ နတ်သံကွင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများနှင့် ကုန်းချောင်းဝရွာ၌ ရောက်ရှိနေသာ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ကော်သာစေးကျေးရွာ၊ ငဖယ်အင်းကျေးရွာ၊ နတ်တလင်းရွာ ဘုန်းကြီးကျောင်း၊ ပဲသောင်ကျေးရွာ၊ တောကြောင်ပေါက်ကျေးရွာ၊ နတ်တလင်းရွာ၊ ခြောက်တဲစုကျေးရွာ၊ အင်းနက်ကျေးရွာ ဘုန်းကြီဂ ကျောင်း၊ ဝေဒေါခို (အင်တိုင်းကုန်း) ကျေးရွာ၊ ဖါးလဲဘာကုန်းရွာ တို့ကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း နတ်တလင်းရွာ ဘုန်းကြီးကျောင်းနှင့် အင်းနက်ကျေးရွာ ဘုန်းကြီးကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။