မင်းလှတွင် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သားအလောင်းများကို ဥတစ်လုံးတောင်ပေါ်တွင် စစ်တပ်က စွန့်ပစ်ခဲ့ပြီး ပုပ်နံ့များ ဆိုးရွားစွာ ထွက်ပေါ်နေ၍ PDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရ
ရန်ကုန်၊ ဒီဇင်ဘာ ၁
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သားအလောင်းများကို ဥတစ်လုံးတောင်ပေါ်တွင် စစ်တပ်က စွန့်ပစ်ခဲ့ပြီး ပုပ်နံ့များ ဆိုးရွားစွာ ထွက်ပေါ်နေ၍ PDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်ကို တက်လာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဥတစ်လုံးတောင်အနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းက မိုင်း အလုံး ၄၀ ခန့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄၀ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်ကောင်စီ တပ်သားများက ပြန်လည် သယ်ဆောင်ခြင်းမရှိဘဲ ဥတစ်လုံးတောင်ပေါ်တွင် စွန့်ပစ်ခဲ့ကြောင်း၊ ယမန့်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး စစ်သား အလောင်းများမှ ပုပ်နံ့များ ဆိုးရွားစွာ ထွက်ပေါ်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေး မသာအလောင်းတွေ ပုပ်ပွနေပြီး ဥတစ်လုံးတောင် ချိုင့်ထဲနားမှာတွေ့တာ ပုပ်ဆော်တွေက တော်တော်နံပြီး ကားလမ်းကသွားရင်တောင် အနံ့မခံနိုင်အောင်ဖြစ်နေတယ်။ တချို့ အလောင်းတွေက အရိုးပဲတွေ့တယ်။ တောကောင်တွေဆွဲတာ ဖြစ်မယ်။ ရှင်းလင်းရေး လုပ်နေတဲ့ ရဲဘော်တွေတောင် အနံ့မခံနိုင်ဘူး။ တချို့က ခြေထောက်တွေ လက်တွေပဲ ကျန်တယ်။ စစ်ခွေး အလောင်းတချို့က မြေကြီးနဲ့ဖုံးပြီး သစ်ကိုင်းတွေနဲ့ အုပ်ထားတယ်။ အနံ့မခံနိုင် ဖြစ်ပြီး အနားသွားမရလို့ မှတ်တမ်း ဓာတ်ပုံတွေတောင် သိပ်မရိုက်နိုင်ဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။