ရန်ကုန်၊ ဒီဇင်ဘာ ၄
ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်သောကြောင့် မေလ ၁၈ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်များမှ လူနေအိမ်၊ တိုက်တာ အဆောက်အအုံများကို ရည်ရွယ်ချက် ရှိရှိဖြင့် မီးရှို့ဖျက်ဆီးခဲ့သောသူများ နှင့် သူခိုးများကို ရခိုင်တပ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ လုံခြုံရေး တပ်ဖွဲဝင်များမှ လိုက်လံ ရှာဖွေ ဖမ်းဆီးပြီး သက်သေခံ ပစ္စည်းများ၊ ထွက်ဆိုချက်များအပေါ် အခြေခံ၍ တရားဥပဒေနည်းလမ်း ကျကျ စစ်ဆေးကာ အပြစ်ပေး အရေးယူလျက်ရှိကြောင်း သိရသည်။
ရာချီသော သူခိုးများနှင့် ခိုးရာပါ ပစ္စည်းလက်ခံထားသူများကို AA ၏ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးကာ တရားနည်းလမ်းကျကျ စစ်ဆေးပြီးနောက် အပြစ်ပေး အရေးယူထားပြီးဖြစ်ကြောင်း။ AA က ဖမ်းဆီးအပြစ်ပေးထားသော သူခိုးအများစုသည် ဘူးသီးတောင်မြို့မှ အကြမ်းဖက် စစ်တပ်၏ စစ်သင်တန်း ဆင်းထားကြသောသူများဖြစ်ပြီး အကြမ်းဖက် မီးရှို့ဖျက်ဆီးကြသောသူများ၊ ARSA အဖွဲ့ ၊ RSO အဖွဲ့နှင့် ARA အဖွဲ့နှင့် ဆက်စပ်နေသူများ ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အာရက္ခ ဒေသ၏ စစ်ပွဲကာလများအတွင်း ဘူးသီးတောင်မြို့ပေါ်ရှိ ခိုးယူသွားခြင်းခံခဲ့ရသော ပိုင်ရှင် အစစ်အမှန်များ၏ တိုင်တန်းချက်များအရ ဘူးသီးတောင်မြို့ လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့သည့် ပစ္စည်းများကို မူလ ပိုင်ရှင်များလက်ထဲသို့ တရားဝင် အခမ်းအနားဖြင့် ပြန် လည် အပ်နှံခြင်းတို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဘူးသီးတောင်မြို့ တစ်နေရာ၌ ပြုလုပ်ခဲ့ပြီး ၎င်းနေ့တစ်ရက်တည်း၌ ပိုင်ရှင်အစစ်အမှန် ၃၁ ဦး လက်ထဲကို ၎င်းတို့၏ ပစ္စည်းများကို ပထမအကြိမ်အနေဖြင့် ကောင်းမွန်စွာအပ်နှံပေးခဲ့ကြောင်း သိရသည်။
ရခိုင်တပ်တော် AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာနမှ သိမ်းဆည်း ရရှိထားသော ပိုင်ရှင်မဲ့ ပစ္စည်းများကိုလည်း ပြည်သူပိုင် ပစ္စည်းအဖြစ် သတ်မှတ်ပြီး ပြည်သူများ၏ လက်ရှိ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် တရားဝင်အခမ်းအနားမျိုး ကျင်းပပြီး ပြည်သူလူထုများထံသို လွှပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျန်ရှိနေသေးသည့် အခြားသော ပစ္စည်းများကိုလည်း ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ရောက်ရှိရေးအတွက် လုံခြုံရေး အာမခံချက်ရှိသော အခြေအနေနှင့် နေ့ရက်များတွင် ဆက်လက်အပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဘူးသီးတောင်မြို့မှ ကာယကံရှင်ပိုင်ရှင်များ၏ လက်ရှိရာသီဥတု၊ ကျန်းမာရေး၊ အထွေထွေအခက်အခဲ၊ အကျပ်အတည်းလိုအပ်ချက်များကြောင့် ဖြေရှင်းပေးပါရန် AA ၏ အုပ်ချုပ်ရေးအဖွဲ့များထံ တင်ပြ တောင်းဆိုလာမှုများလည်းရှိခဲ့ကြောင်း၊ ထိုကြောင့်တိုက်ပွဲများအတွင်း မပျောက်မပျက်ဘဲ နဂိုအတိုင်းကျန်ရှိနေခဲ့သော ရှိရင်းစွဲ ပစ္စည်းများ၊ တိုက်ပွဲများအတွင်း ပျက်စီးသွားခြင်းမှ ကာကွယ်ရန်အတွက် အာရက္ခ စစ်သည်တော်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်များက လုံခြုံသည့်နေရာများသို ရွေ့ပြောင်းထားနိုင်ခဲ့သော ပစ္စည်းများကိုလည်း ပိုင်ရှင်စစ်များ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ယူဆောင်ခွင့်အား အကန့်အသတ်ဖြင့် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar