19 C
Yangon

မန္တလေး၊ မဟာအောင်မြေတွင် ရေသန့်ပို့သမား ကိုကောင်းထက်စံကို စစ်တပ်က စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီး ၊ မြစ်သားမြို့တွင် စစ်တပ်က ကားဖြင့် တွေ့သမျှ လူငယ်မှန်သမျှကို ကားပေါ်ဆွဲတင် ဖမ်းဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ရေသန့်ပို့နေသည့် အလုပ်သမား ကိုကောင်းထက်စံကို စစ်တပ်က စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ကိုကောင်းစံ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရေသန့်ပို့သမားကိုကောင်းထက်စံသည် ၎င်း၏ နေရပ်ဖြစ်သော မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းအေးရပ်ကွက်၊ ၃၆ (A) x ၇၀ (A) လမ်းဒေါင့်တွင် ရေသန့်ပို့နေစဉ် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းရန် အတွက် အလှည့်ကျသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း၊ အသက် ၂၀ ကျော်အရွယ် ကိုကောင်းထက်စံကို အောင်ချမ်းအေး ရပ်ကွက်ရုံးသို့ ခေါ်ဆောင်သွားသည်ဟု သိရှိရသည့်အတွက် မိဘဖြစ်သည့် ဖခင် ဦးကျော်နိုင်နှင့် မိခင် ဒေါ်သင်းသင်းတို့က လိုက်လံ ထုတ်ကြောင်း၊ သို့ရာတွင် ထုတ်မရဘဲ မန္တလေးတောင်ခြေရှိ ခလရ ၉၅ တပ်ရင်းသို့ ပို့ဆောင်ခံလိုက်ရကြောင်း သိရှိရသည်။

“ကိုကောင်းထက်စံက ရေသန့်ပို့တာ။ ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်ကနေ ၂၀ လီတာ ရေသန့်ဗူး မှာတဲ့ နေအိမ်တွေကို လိုက်ပို့နေတုန်း မနက်ပိုင်းကြီးကို ဖမ်းတာ။ စစ်မှုထမ်းဖို့ အလှည့်ကျတယ်ဆိုပြီး ဖမ်းတာ။ ဖမ်းတဲ့အချိန်က မနက် ၁၀ နာရီ ရေသန့်ပို့နေရင်း အဖမ်းခံရတာ။ အဲဒါ အောင်ချမ်းအေး ရပ်ကွက်ရုံးကို ပထမ ခေါ်သွားတယ်။ အဖေရော၊ အမေရော ဆွေမျိုးတွေရော အကုန်လိုက်ကြတယ်။ ငွေနဲ့ ရွေးရမယ်ဆိုရင်လည်း ရွေးမယ်ပေါ့။ အဲဒါ ငွေမလိုဘူး လူပဲလိုတယ်ဆိုပြီး မန္တလေးတောင်ခြေက ၉၅ တပ်ရင်းကို ချက်ချင်းခေါ်သွားတယ်။ ဘယ်လိုမှ ရွေးမရဘူး” ဟု ကိုကောင်းထက်စံ၏ မိတ်ဆွေက ဆိုသည်။

ကိုကောင်းထက်စံသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး စစ်မှုထမ်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခံရချိန်တွင် အသက် ၃ နစ်အရွယ် ကလေးငယ် နှင့် ဇနီးသည်တို့ ကျန်ရစ်ခဲ့ကြောင်း၊ ကိုကောင်းထက်စံကို စစ်မှုထမ်း အပတ်စဉ် ၈ အတွက် ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၊ ကိုကောင်းထက်စံနည်းတူ လူငယ် ၅ ဦးကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းအပတ်စဉ် ၈ အတွက် ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်း မန္တလေးတိုင်း၊ မြစ်သားမြို့နယ်တွင် မှန်လုံခရီးသည်တင်ကား ၁စီး၊ ကင်းလှည့်ကား ၁ စီးဖြင့် မြို့တွင်းနှင့် ကျေးရွာဘက်အခြမ်းများသို့ လှည့်လည်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ သက်ဆိုင်ရာ မိသားစုများကိုလည်း စစ်တပ်က အကြောင်းကြားရာတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် စစ်သင်တန်းတက်ရမည်ဟု အကြောင်းကြားကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်း မြစ်သားမြို့နဲ့ ကျေးရွာဘက်တွေကို မှန်လုံကား ၁ စီးနဲ့ ကင်းလှည့်ကား ၁ စီးနဲ့ လမ်းဘေးမှာ တွေ့တဲ့သူ သွားလာနေတဲ့ လူငယ်တွေ အကုန် ဆွဲတင်တယ်။ လူငယ်မှန်သမျှ အကုန်ဆွဲတင်တာ။ အဲဒီမှာ အဖမ်းခံရတဲ့ လူငယ်တွေထဲမှာ မန်ကျည်းကန် လမ်းသစ်က လူငယ် ၂ ဦး အဖမ်းခံရတယ်။ ကားပေါ် ဆွဲတင်ခံရတာ ။ မှန်လုံကားပေါ်မှာတော့ လူငယ် အမျိုးသား ၆ ဦးနဲ့ ၈ ဦးကား ဆွဲတင်ခံရတာ” ဟု မြစ်သားမြို့မှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းနောက် စစ်တပ်က ဖမ်းဆီးသွားသော လူငယ်များ၏ မိသားစုများထံသို့ ၎င်းတို့ သားများကို စစ်မှုထမ်းအပတ်စဉ် ၈ အတွက် စစ်သင် တန်း တက်ရန် ခေါ်ဆောင်သွားပြီဖြစ်၍ စိတ်မပူကြရန် ဆက်သွယ် အကြောင်းကြားလာကြောင်း သိရှိရသည်။

ဓာတ်ပုံ – မန္တလေးတွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးတွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article