ရန်ကုန်၊ ဒီဇင်ဘာ ၆
မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၃၅ ရာခိုင်နှုန်းဝန်းကျင်သာ ဓာတ်အား ထုတ်နိုင်တော့သဖြင့် ရန်ကုန်၊ မန္တလေး အပါ အဝင် မြို့ကြီးများအားလုံးတွင် မီးပြတ်တောက်ချိန် အလွန်ကြာမြင့်လာကြောင်း လျှပ်စစ်ဝန်ကြီးဌာနသတင်းရင်းမြစ်နှင့် ပြည်သူများထံမှ စုံ စမ်းသိရှိရသည်။
ယခုဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း၊ တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသဖြင့် လက်ရှိ ထုတ်လုပ်နိုင်သော လျှစ်စစ်ဓာတ်အားမှာ ၃၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိတော့ကြောင်း၊ ထို့ကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် မီးများ အလွန်ကြာမြင့်စွာ ပြတ်တောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခုအချိန်က မီးပြတ်တာက လာချိန်လည်း ပြတ်၊ ပြတ်ချိန်လည်း ပြတ်။ တစ်နေ့ကို အနည်းဆုံး ၁၂ နာရီကနေ ၁၆ နာရီလောက်က မီးပြတ်နေတာ။ ပုံမှန်လည်း မလာတော့ဘူး။ လာချင်သလိုလာတယ်။ ပြတ်ချင်သလို ပြတ်တယ်” ဟု ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် တစ်နေ့လျှင် မီးပြတ်ချိန် တစ်ကြိမ်လျှင် ၄ နာရီနှုန်းဖြင့် ၄ ကြိမ်သာ မီးဖြတ်ရာမှ ယခုအခါ ည ၉ နာရီမှ ည ၁၁ နာရီအထိပါ ၁ ကြိမ် ထပ်မံ တိုးမြှင့် မီးဖြတ်ထားကြောင်း သိရှိရသည်။
စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ဘီလူးချောင်းလောပိတ ရေအားလျှပ်စစ်စက်ရုံများ၊ ရွှေလီရေအားလျှပ်စစ်ထုတ်စက်ရုံ၊ ပေါင်းလောင်းရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်များ ရေဝင်ပျက်စီးခြင်း၊ ရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေကြီးမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ပျက်စီးမှုများကို ယခုအချိန်အထိ မပြင်ဆင်နိုင်သေးဘဲ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရဆဲဖြစ်ကြောင်း သိရှိရသည်။
စက်မှုဇုန်များကိုလည်း နိုဝင်ဘာလမှစတင်၍ တစ်ရက်လျှင် လျှပ်စစ်မီး ၄ နာရီသာ ပေးထားရာမှ ယခုအခါ စက်မှုဇုန်များပါ တစ်ရက်လျှင် ၄ နာရီမျှပင် မီးမရရှိတော့ကြောင်း၊ နွေရာသီဆိုလျှင် မီးပြတ်တောက်မှု အခြေအနေ အလွန်အဆိုးဝါးဆုံးရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar