ရန်ကုန်၊ ဒီဇင်ဘာ ၆
ထိုင်းနိုင်ငံတွင် မြန်မာ့အရေးအတွက် အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Roy Soemirat က ပြောဆိုသည်။
အဆိုပါဆွေးနွေးပွဲကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဖိတ်ကြားမှုဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် အကောင်အထည်ဖော်ဖြေရှင်းရေးကို ဦးတည် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့ လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အရှေ့ တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံကာ မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော အကျပ် အတည်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး နည်းလမ်းများကို ရှာဖွေခဲ့ကြောင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံရေးအရ အဖြေရှာရန်အတွက် ထိုင်းအစိုးရက ကမကထပြုသည့် မြန်မာ့ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလတွင် ကျင်းပရန် အဆိုပြုခဲ့ပြီးနောက် အဆိုပါ အစည်းအဝေး ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။
လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်ထားရှိသွားရန် သဘောတူညီခဲ့ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြပြီး မြန်မာ့အရေးကို ဖြေရှင်းရာတွင် အားလုံးပါဝင်ပြီး တာရှည်ခံ ငြိမ်းချမ်းသော ဆုံးဖြတ်ချက်တစ်ခု ရရှိစေရန် မြန်မာ ပြည်သူပြည်သား တစ်ရပ်လုံး၏ သဘောတူညီမှုချက်ဖြင့် အပြည့် အဝ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဟု ဆုံးဖြတ်သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင် ယခုဒီဇင်ဘာလအတွင်း ကျင်းပမည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် တော်လှန်ရေးအင်အားစုများကို ဖိတ်ကြားခြင်း ရှိ၊ မရှိကို ယခုအချိန် အထိ မသိရှိရသေးဟု တော်လှန်ရေးအင်အားစုများက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar