စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မုံရွာ-မန္တလေး လမ်းပိုင်းရှိ ခရီးသွားပြည်သူများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် ခဲ့သောကြောင့် ပြည်သူ ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ စစ်ခွေးယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်တာပါ။ မုံရွာ-မန္တလေး လမ်းပိုင်းမှာပါ စစ်ခွေး ၅ ကောင်သေတယ်။ ဒဏ်ရာရတာက ၁၀ ကောင် လောက်ရှိတယ်။ စစ်ခွေးတွေက မိုင်းဆွဲ တိုက်ခိုက်မှု အတွင်းအထိနာတော့ ခရီးသွားပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်စထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်” ဟု မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Ar Lar Wa Ka တပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Photo – မဲမှောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ