31 C
Yangon

နေပြည်တော်နှင့် ရန်ကုန်တွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၅၀ ကျော်ကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား

Must read

နေပြည်တော်နှင့် ရန်ကုန်တွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၅၀ ကျော်ကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား

ရန်ကုန်၊ ဒီဇင်ဘာ ၉

နေပြည်တော်နှင့် ရန်ကုန်တွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၅၀ ကျော်ကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ငွေတောင်တောရ ဘုန်းကြီးကျောင်း၊ မုခ်ဦးပေါက်အနီး၊ ကြံ့ဖွတ်ရုံးရှေ့၊ ရန်ကုန်-မန္တလေး လမ်းပေါ်တွင် စစ်တပ်က ဂိတ်ချပြီး ဆိုင်ကယ်များကို တားဆီးကာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ယမန် နေ့ ညပိုင်း လူငယ် ၃၀ ကျော် အဖမ်းခံရကြောင်း သိရှိရသည်။

“လူငယ် ၃၀ ကျော်က အခု မိဘတွေလိုက်ထုတ်ဖို့ လုပ်နေကြတယ်။ မရဘူး။ ငွေမတောင်းဘူး။ လူကိုပဲ စစ်မှုထမ်းသင်တန်း တက်ခိုင်းမှာလို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့ အနော်ရထာရပ်ကွက်တွင် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လျှပ်စစ်မီးများ ဖြတ်တောက်ပြီး လူငယ် ၁ ဦးကို ပေါ်တာဆွဲသွားကြောင်း သိရှိရသည်။

ထို့အတူ နေပြည်တော် ဒက္ခိဏသီရိမြို့ နယ်၊ ချိုင်းရွာတွင်လည်း ရွာကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ဝမ်းက နေအိမ်များထဲအထိ ပေါ်တာဝင်ဆွဲခဲ့ရာ လူငယ် ၇ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ၊ ယင်းနောက် လူငယ်တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀ ဖြင့် ပေးမည်ဟုဆိုကာ စစ်တပ်ထဲ အတင်းအကျပ် ဝင်ခိုင်းနေကြောင်း သိရှိရသည်။

“ဒီဇင်ဘာလ ၃ ရက်နေ့ညက လူငယ်တွေကို ဖမ်းတာ။ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာမှာ လူငယ်တွေကို စစ်တပ်ထဲဝင်ရင် သိန်း ၂၀ ရမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ဝမ်းက ဒီဇင်ဘာ ၈ ရက်နေ့မှာ မိသားစုတွေဆီ လိုက်ပြောတယ်။ လူဦးရေ ၄၀၀ အထိခေါ်မယ်လို့ ပြောနေတယ်” ဟု ချိုင်းကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကိုကျော်နိုင်က စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲခြင်းနှင့် ငွေကြေး ခြိမ်းခြောက်တောင်းခံခြင်းများ လုပ်ဆောင်နေကြောင်း ၊ အလားတူ ရန်ကုန်တိုင်း၊ သာကေတနှင့် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ညီညီထွေးက လူငယ်တွေကို မတရားစစ်တပ်ထဲထည့်သွင်းနေကြောင်း သိရှိရသည်။

“ဝါဆို ရပ်ကွက်အုပ်ကြီး ညီညီထွေးက စစ်မှူထမ်းဆင့်ခေါ်စာနဲ့ တမျိုး မတရားပေါ်တာဆွဲတာတစ်မျိုး၊ ဖမ်းဆီးတာတမျိုး လုပ်နေတာ။ အဖမ်းခံရတဲ့ လူငယ်တွေရဲ့ မိဘတွေကလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရတယ်။ မတရားလည်း ငွေညှစ်တောင်း ရမ်းနေပါတယ်” ဟု သာကေတမြို့နယ်၊ ဝါဆိုရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူမပြည့်သဖြင့် နိုင်ငံတစ်ဝန်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် လူငယ်တချို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article