ပေါက်မြို့နယ်၊ စပါးမျှောကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်၍ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးသွား၊ နေအိမ် ၂ လုံးကိုလည်း မီးရှို့ ဖျက်ဆီး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စပါးမျှောကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်၍ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးသွားကာ နေအိမ် ၂ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၄ နရီ ၃၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ စပါးမျှောကျေးရွာကို အကြမ်း စစ်တပ်နှင့် ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၇၀ ဦးကို ဖမ်းဆီးကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ဖမ်းဆီးပြီး ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပျူစောထီး ကျေးရွာအနီး၌ ဖမ်းဆီးသွားသော ပြည်သူများထဲမှ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသူများထဲမှ စပါးမျှောကျေးရွာသား ကိုသိန်းဝင်း၊ ကိုမောင်ငြိမ်း၊ ကိုဖြိုးကျော်၊ ကိုနေတိုး နှင့် လှိုင်းထက်ကို တို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်မြို့နယ် စပါးမျှောကျေးရွာကို အကြမ်း စစ်တပ်နဲ့ ပျူစောထီးတွေ စုပေါင်းပြီး ဝင်ရောက်စီးနင်းတယ်။ ပြည်သူပိုင် နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၇၀ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ၁၆ ရက်နေ့မှာ ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ပျူစောထီးရွာတွေနားမှာ စွန့်ပစ်ခဲ့တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသော ပြည်သူ ၆၅ ဦးကို ပျူစောထီး ကျေးရွာများတွင် ဖမ်းဆီးထားပြီး စပါးမျှောကျေးရွာမှ ပြည်သူများလည်း စစ်ကောင်စီ တပ်သားများ ရွာထဲကို ထပ်မံ ဝင်ရောက်လာမည့် ကြောက်လန့်နေ၍ လက်ရှိချိန်ထိ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။