ရန်ကုန်၊ ဧပြီ ၂၇
ရန်ကုန်မြို့ အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီချွေတာရေး စီမံချက်ကို အကြောင်းပြ၍ ယာဉ်များကို စုံ/မစနစ်ဖြင့် လမ်းပေါ်သွားလာခွင့် ကန့်သတ်ထားရာ ယခုအခါ စုံ/မစနစ်ကို အကြောင်းပြု၍ ငွေညှစ်မှုများ အလွန်ဆိုးရွားနေကြောင်း ငွေညှစ်ခံရသော ယာဉ်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အီရန်နိုင်ငံတွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း စက်သုံးဆီ ရှားပါးပြတ်လပ်မှုအပေါ် အကြောင်းပြု၍ စစ်တပ်ကလည်း စက်သုံးဆီချွေတာရေး စီမံချက်ကို မတ်လဆန်းပိုင်းမှစတင်ခဲ့ပြီး မတ်လ ၇ ရက်နေ့မှစတင်ကာ စုံနေ့ရက်တွင် စုံဂဏန်းပါသော ယာဉ်များသာ လမ်းပေါ်သွားလာခွင့်ပြုခြင်း၊ မနေ့ရက်များတွင် မဂဏန်းပါသော ယာဉ်များသာ လမ်းပေါ် သွားလာခွင့်ပြုခြင်းဆိုသော စနစ်ကို စစ်တပ်က စတင်ကျင့်သုံးခဲ့ကြောင်း၊ ယခုအခါ ဆီဆိုင်များတွင် ဆီတန်းစီသော ကားများ လျှော့နည်းသွားသော်လည်း စုံ/မစနစ်ကို အကြောင်းပြု၍ စစ်တပ်၊ ယာဉ်ထိန်းရဲ၊ ထွေ/အုပ်နှင့် ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများက ငွေညှစ်မှုများ ကျူးလွန်လာနေကြကြောင်း သိရှိရသည်။
“ဆီဆိုင်မှာလည်းဆီတန်းစီတဲ့ကားတွေ အရင်လောက်တော့ မရှိတော့ဘူး။ လမ်းပေါ်မှာသွားနေတဲ့ကားတွေကို စုံ/မ စစ်ပြီး ငွေညှစ်တာကတော့ တော်တော်ကို ဆိုးတယ်။ မနေ့က စုံရက်ပေမယ့် အမေဆေးခန်းပြဖို့ အာရှတော်ဝင်ကိုသွားတာ ဗဟိုလမ်းမှာ ယာဉ်ထိန်းက ဖမ်းတယ်။ ကိုယ့်ကားက မရက်ပါ။ ညနေ ၅ နာရီကျော်နေပြီ။ အဲဒါငွေ ၅ သောင်းတောင်းတယ်။ မပေးရင် ထောင် ၁ လချမယ်။ စခန်းကို ပို့မယ်နဲ့။ နည်းနည်းတော့ လျှော့ပါဆိုတာလည်း မရဘူး။ ၅ သောင်းပေးမှ ကားဝှီးတက်နဲ့ယာဉ်မောင်းလိုင်စင် ပြန်ပေးတယ်။ ရေကြောင်းကျောင်းနားမှာ အဖမ်းခံရတာ။ သာမန်ယာဉ်ထိန်းတွေပဲ။ စီမံချက်နဲ့ ဖမ်းတာလည်းမဟုတ်ဘူး။ ကားတွေကိုတောင်းပြီး ငွေညှစ်နေတာ” ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
အလားတူပင် ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင်တစ်ဦးကလည်း ပါရမီလမ်းပေါ်တွင်ပင် ယနေ့ မရက်ဖြစ်သည့်အ တွက် စုံကားနံပါတ် ယာဉ် မောင်းနှင်မှုဖြင့် အဖမ်းခံလိုက်ရပြီး ငွေကျပ် ၁ သိန်းတောင်းယူသွားကြောင်း ပြောဆိုသည်။
” ပြည်လမ်းနဲ့ ပါရမီလမ်းဆုံနားမှာ ဖမ်းတာ။ ၁ သိန်းတောင်းတယ်။ ထောင်ကျခံမလား၊ ၁ သိန်းပေးမလား။ ၁ သိန်းပေးလိုက်ရတယ်” ဟု အဆိုပါ ဘုရင့်နောင်ပွဲရုံ လုပ်ငန်းရှင်က ရှင်းပြသည်။
စစ်တပ်က စက်သုံးဆီ ချွေတာသုံးစွဲရေး စီမံချက်ဖြင့် မော်တော်ယာဥ်များကို “စုံ”ရက် နှင့် “မ” ရက်ခွဲခြားကာ ကန့်သတ် မောင်းနှင် စေသည့် စနစ်ကို မတ်လ ၇ ရက်နေ့မှ စတင်ခဲ့ပြီး ချိုးဖောက်သူများကို ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်စစ်တပ်က ပြည်တွင်းတွင် စက်သုံးဆီ ချွေတာသုံးစွဲရေး စီမံချက်ကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုနှုန်းသည် တစ်ရက်လျှင် ဂါလန် ၁ သန်းကျော် သိသာစွာ လျော့ကျလာခဲ့ပြီး၊ ယင်းကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်နှင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်အထိ နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဟု ဧပြီလဆန်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
စစ်တပ်က စက်သုံးဆီ သုံးစွဲမှုကို လျှော့ချနိုင်ခြင်းတို့ကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သိသာစွာ သက်သာလာကြောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ ယနေ့အထိ စာရင်းများအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃.၅၄ သန်းဂါလန်မှ ၂.၅ သန်းဂါလန်သို့ ကျဆင်းသွားခဲ့ရာ ၂၉ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် ရေနံဓာတ်ငွေ့ရည် (LPG) တို့သည် ၂၉ ရာခိုင်နှုန်း ပါဝင်နေပြီး အဆိုပါစက်သုံးဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်ကြောင်း၊ နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းခန့် တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ သန်းကျော် သုံးစွဲနေရသဖြင့် ယခုကဲ့သို့ စနစ်တကျ ထိန်းကျောင်းသုံးစွဲနိုင်ပါက နှစ်စဉ် ဒေါ်လာ သန်း ၂၀၀၀ ခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း စစ်တပ်က ဆိုသည်။




