32 C
Yangon

ဝမ်းတွင်း၊ အောင်လံ၊ ရေနံချောင်းနှင့်ပြည်မြို့တို့တွင် ပေါ်တာဆွဲ မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး အိမ်ပေါ်တက် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်မှုများပါ ဖြစ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့်ရေနံချောင်းမြို့နယ်၊ ပဲခူးတိုင်း၊ ပြည်မြို့တို့တွင် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း ပေါ်တာဆွဲမှုများရှိနေသည့်အပြင် အိမ်ပေါ်တက်၍ လူငယ်များကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်မှုများပါ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးစံပြကျေးရွာတွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၈ နှစ်အကြား အမျိုးသားလူငယ်များကို စစ်မှုထမ်းရန် တောင်းခံလာပြီး လူမပေးပါက အတင်းအကျပ် ဖမ်းဆီးမည်ဟုဆိုကာ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ ဝမ်းတွင်းမြို့ပေါ်တွင်လည်း ပေါ်တာဆွဲမှုများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်မှုထမ်းဥပေဒအကြောင်းပြ၍ ငွေကြေးတောင်းခံမှုများပါ ဖြစ်ပွားနေကြောင်း သိရှိရသည်။

“ဝမ်းတွင်းမြို့ပေါ်မှာ နေ့စဥ် ပေါ်တာဆွဲနေပြီးတော့ ကျေးရွာတွေမှာလည်း အိမ်ပေါ်အထိ ရိုက်နှက်ဖမ်းဆီးတာတွေဖြစ်နေတယ်။ ပြီးရင် ငွေကြေးတတ်နိုင်တဲ့သူတွေဆီကနေ လူပြန်ရွေးခ အနည်းဆုံး ငွေ ၁၀ သိန်းကနေ သိန်း ၆၀ အထိ တောင်းနေတာလည်းရှိတယ်။ ခင်ကြီးကျေးရွာမှာလည်း စစ်တပ်က စစ်မှုထမ်းအတွက် လူစာရင်းတောင်းတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှ လူအစား ပိုက်ဆံနဲ့ ညှိတယ်ဆိုပြီး တစ်အိမ်ကို လူငယ် တစ်ဦး ရှိရင် ၃သောင်းကျပ် ၊ ၂ ဦးရှိရင် ငွေ ၆ သောင်းကျပ်ကောက်တယ်။ အုပ်ချုပ်ရေးမှူး နှင့် စစ်တပ်ပေါင်းပြီး ရိုက်စားလုပ်နေတာ” ဟု ဝမ်းတွင်းဒေသပြည်သူတစ်ဦးက ပြောဆိုသည်

အလားတူ မကွေးတိုင်း အောင်လံမြို့နှင့် မြို့နယ်တစ်ခုလုံးတွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများနှင့် ရပ်ကွက်ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ တပ်သားသစ်စုဆောင်းရန် လူငယ်များကို ရှာဖွေ ဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း သိရှိရသည်။

“အောင်လံမြို့ ပေါ်မှာ ပေါ်တာဆွဲတာက တော်တော်ဆိုးတယ်။ မနက် ၈ နာရီကနေ ၁၀ နာရီအတွင်းမှာ အောင်လံမြို့မှ မြောက်ဘက် မိုးကောင်းရွာ အထွက်နဲ့ ဘုရားတောင်ဗွေ ကျေးရွာအနီးမှာ ညှပ်ပီး ပေါ်တာဆွဲ ဖမ်းဆီးတယ်။ နံနက် ၁၀ နာရီထိုးမှာတော့ မြို့ထဲမှာ ပေါ်တာဆွဲတယ်။ မနက် ပိုင်း အောင်လံ မြို့ မြောက်ဘက် မိုးကောင်းရွာ အထွက်နဲ့ ဘုရားတောင် ဗွေ အနီးမှာ ပေါ်တာဆွဲတုန်းက လူငယ်တွေ ဆယ်ချီပြီးတော့ အဖမ်းခံရတယ်”ဟု အောင်လံဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အတူ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှု ဆိုးရွားလွန်းသည့်အတွက် လူငယ်များအားလုံး ညအိပ်ချိန်များတွင် တောထဲ (သို့မဟုတ်) ယာထဲတွင် သွားရောက် ပုန်းအောင်း နေထိုင်ရကြောင်း၊ စစ်တပ်နှင့်ရဲများကလည်း ယာထဲတောထဲအထိ လိုက်လံ ဖမ်းဆီးနေကြောင်း သိ”မြို့ပေါ်မှာရော ရွာတွေမှာရော မြင်ရင် မြင်သလို လူငယ်တွေကို စစ်တပ်နဲ့ရဲက ဖမ်း​နေတာ။ ကြက်သွန်ခင်းရေဖျန်းနေတဲ့ လူငယ်လည်း ဖမ်းတာပဲ။ အလုပ်လျှောက်ဖို့ ရဲစခန်းကို ထောက်ခံစာ သွာလုပ်တဲ့ လူငယ်လည်း ပြန်မလွှတ်ဘဲ စစ်မှုထမ်းဖို့ အဖမ်းခံရတယ်။ ရေနံချောင်း မြို့မှာ အတော်ကို ဆိုးရွာနေပါတယ်။ စစ်တပ်နဲ့ရဲက အရပ်၀တ်နဲ့ ပတ်ပြီး ဖမ်းနေကြတာပ။ါ ကျေးရွာတွေနဲ့ လယ်ထဲ ကိုင်းထဲ သွားတဲ့ လူငယ်တွေကိုလိုက် ဖမ်းနေကြတာပါ။ အခု ဒီဇင်ဘာလ ၁၅ ရက်အတွင်း လူငယ်ပေါင်း ၁၀၀ ကျော် အဖမ်းခံထားရပါတယ်” ဟု ရေနံချောင်းမြို့နယ်၊ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့တွင်လည်း အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ပေါ်တာဆွဲဖမ်းဆီးရေး အဖွဲ့ဖွဲ့ကာ ငွေကျပ် သိန်းရာချီ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးများက စစ်တပ်နှင့်ပူးပေါင်း၍ စီးပွားဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်မြို့ မှော်ဇာအုပ်စု တောင်လုံးညိုရွာ အုပ်ချုပ်ရေးမှုးအေးထွန်း၊ မကျီးတိုက်ကျေးရွာမှ ဝင်းနိုင် ၊ ကုလားကန်ရွာမှ အေးမင်း ၊ မုဌောရွာမှ ဇော်အေး၊ ရွှေကြို့ပင်ရွာမှ အေးရွှေ ၊ မှုတ်ရှည်ရွာမှ သိန်းသန်းအောင် အဲ့ဒီအုပ်ချုပ်ရေးမှုးတွေနဲ့ ရာအိမ်မှုး၊ ဆယ်အိမ်မှုး စစ်ခွေး ရဲခွေးတွေ ပေါင်းပြီး ညတိုင်းလိုလို ပေါ်တာဆွဲနေပါတယ်။ ဖမ်းဆီးလို့ရတဲ့သူတွေဆီက ငွေညှစ်တယ်၊ သိန်းရာချီတောင်းတယ် သူတို့အချင်းချင်း Viber ဂရု ဖွဲ့ပြီး၊ လမ်းတွေပိတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြတာပါ။ နောက်ပြီး အိမ်တွေထဲအထိလိုက်ဆွဲပါတယ်” ဟု ပြည်မြို့မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၈ အတွက် တပ်သားသစ်စုဆောင်းမရသဖြင့် နိုင်ငံတစ်ဝန်း စစ်မှုထမ်းရန် ဖမ်းဆီးမှုများသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ညီညွတ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article