31 C
Yangon

ပြင်ဦးလွင် စစ်တက္ကသိုလ် စာပေ ၂ မှ ဗိုလ်ကြီး စောမင်းထက်နှင့် ဇနီး သူသူလင်းဇော်တို့က အွန်လိုင်းမဲ ငွေစုမည်ဟုဆိုကာ လူပေါင်းများစွာထံမှ သိန်းထောင်ပေါင်းများစွာ လိမ်လည်၊ စစ်ရုံးနှင့် စစ်တက္ကသိုလ် သို့ တိုင်ကြားသော်လည်း ဖြေရှင်းပေးခြင်းမရှိဘဲ တိုင်ကြားသူများ ခြိမ်းခြောက်ခံနေရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မန္တလေးမြို့နှင့် ပြင်ဦးလွင်တွင် အွန်လိုင်း လေလံမဲ ဒိုင်ကိုင် ငွေစုသည်ဟုဆိုကာ ပြင်ဦးလွင်၊စစ်တက္ကသိုလ်၊ စာပေဌာန ၂ မှ ဗိုလ်ကြီး စောမင်းထက်နှင့် ဇနီးဖြစ်သူ သူသူလင်းဇော်တို့က လူပေါင်းများစွာဆီက ငွေကျပ် သိန်းထောင်ပေါင်းများစွာ လိမ်လည်သွားကြောင်း လိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြင်ဦးလွင်စစ်တက္ကသိုလ်၊ စာပေဌာန ၂ မှ ဗိုလ်ကြီးစောမင်းထွက်နှင့် ဇနီးသူသူလင်းဇော်တို့က အွန်လိုင်းမှ မဲစုမည်၊ လေလံမဲဒိုင်ကိုင်သည်ဟုဆိုကာ လူပေါင်းများစွာထံမှ ငွေကြေးများ စုဆောင်းခဲ့ကြောင်း၊ အွန်လိုင်းမှ တစ်ဆင့် လေလံမဲ ခေါ်သည်ကို ပါဝင်စုကြရာတွင် ဗိုလ်ကြီးစောမင်းထက်နှင့် ဇနီး သူသူလင်းဇော်တို့က ဒိုင်ကိုင်ကြောင်း၊ ငွေကျပ် သိန်းထောင်ချီ ရရှိလာချိန်တွင် စုမဲများ လေလံမဲများအတွက် ငွေရှင်းပေးခြင်းမပြုတော့ဘဲ သိန်းထောင်ချီ လိမ်လည်သွားခြင်းဖြစ်ကြောင်း၊ သို့ရာတွင် လူမှုကွန်ရက်တွင် ဗိုလ်ကြီးစောမင်းထက်နှင့်ဇနီး သူသူလင်းဇော်တို့က အိမ်ဝယ်၊ ကားဝယ်၊ စိန်ဝယ် သည့် ပို့စ်များကို တောက်လျှောက်ဆိုသလို တင်ထားကြောင်း၊ ငွေလိမ်ခံရသူများက ငွေပြန်ပေးရန် တောင်းဆိုသော်လည်း ဖြေရှင်းပေးခြင်းမရှိကြောင်း သိရှိရသည်။

“ငွေလိမ်တဲ့ မိန်းမ သူသူလင်းဇော်က ဒိုင်လုပ်ပါတယ်။ လိုင်းပေါ်ကနေ စုကြတာ။ တချို့ဆို နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ လူတွေတောင် ပါတယ်။ သူတို့ လင်မယား နှစ်ယောက်ပေါင်းလိမ်ပြီး ရတဲ့ငွေတွေနဲ့ ကားဝယ်တယ်၊ ရွှေဝယ်တယ်၊ စိန်ဝယ်တယ်။ သွားပြောရင်တော့ ဖြေရှင်းပေးမယ်ပြောတယ်။ သူ့ယောက်ျား ဖြေရှင်းပေးပါမယ် ပြောပြီး လင်ရော မယားရော မဖြေရှင်းကြဘူး။ စစ်ရုံးနဲ့ စစ်တက္ကသိုလ်ကို တိုင်တော့လည်း ထိထိရောက်ရောက် ဘာမှ မလုပ်ပေးဘူး” ဟု ကိုယ်တိုင် လိမ်လည်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ငွေလိမ်လည်သူ သူသူလင်းဇော်၏ ခင်ပွန်း ဗိုလ်ကြီးစောမင်းထက်က ငွေလိမ်လည်မှုနှင့်ပတ်သက်၍ စစ်ရုံးနှင့် စစ်တက္ကသိုလ်သို့ တိုင်ကြားသူများကို တပ်ထဲသို့ လာရောက်ရန် ၊ ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း လေလံမဲ လိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“လေ‌လံမဲဆိုတော့ အစုရှယ်ယာတွေ အများကြီး‌ ခေါ်ထားတာဆိုတော့ သူကို ငွေချပေးတယ်။ သူက မဲမှာ ရှိတဲ့ တခြားသူကို အမြတ်ယူပြီး ချပေးတယ်။ အဲဒီလို ငွေကစားကြတာ။ သူက ကျွန်မတို့ ချပေးတဲ့ ငွေတွေကို သူ့လင်နဲ့ သူက သူများကို မပေးဘဲ ကြားကနေ လိမ်စားသွားတဲ့ သဘောပါ။ တချို့ သိန်း ၈၀ ၊ တချို့ သိန်း ၂၀ ကျော် ။ လေလံမဲဆိုတာက အရှေ့က ယူတဲ့ လူက အရှုံးပါ။ အနောက်ယူတဲ့ လူက အမြတ်ရပါတယ်။ ဒိုင်ကတော့ ဒိုင်ကြေးယူပြီး အာမခံပေးရတာပါ” ဟု လိမ်လည်ခံရသူတစ်ဦးက လေလံမဲ သဘောတရားကို ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ကာယကံရှင် ဗိုလ်ကြီးစောမင်းထက်နှင့် ဇနီး သူသူလင်းဇော်တို့ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ၎င်းတို့၏ ဖုန်းများမှာ စက်ပိတ်ထားပြီး ပြန်လည် ဖြေဆိုခြင်းမပြုပေ။

အွန်လိုင်းမဲ ငွေစုခြင်းနှင့် လေလံမဲစုခြင်းမှာ တစ်လုံးတစ်ခဲတည်းသော အွန်လိုင်းမဲနှင့်လေလံမဲ ပေါက်လိုသူများက ဒိုင်ဖြစ်သူထံတွင် မိမိတတ်နိုင်သမျှ ငွေကြေးပေး ထည့်ဝင်ကာ အလှည့်ကျ မဲနှိုက်ခြင်း၊ အလှည့်ကျ လေလံစွဲခြင်းဖြင့် ငွေလုံးတစ်လုံးတစ်ခဲတည်း ရယူပြီး အလှည့်ကျ ငွေပြန်ထည့်သည့်စနစ်ဖြစ်ကာ မြန်မာနိုင်ငံအတွင်းတွင် မကြာခဏဆိုသလို ငွေလိမ်လည်မှုများ အကြီးအကျယ်ဖြစ်ပွားလေ့ရှိသော စနစ်တစ်ခုလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article