24 C
Yangon

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ မှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများကို ထုတ်ပြလိုက်ပြီး ခလရ ၂၇၄ မှ ဗိုလ်မှူးကြီး အပါအဝင် စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ မှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများကို CDF မင်းတပ်က ထုတ်ပြလိုက်ပြီး ခလရ ၂၇၄ မှ ဗိုလ်မှူးကြီး အပါအဝင် စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း CDF မင်းတပ်ထံမှ သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မင်းတပ်မြို့ ခလရ ၂၇၄ မှ သိမ်းပိုက်ရရှိထားသော လက်နက်ခဲယမ်းများကို ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခြင်းဖြစ်ပြီး သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းအရေအတွက်ကိုမူ အတိအကျ ထုတ်ပြန်ခြင်းမပြုပေ။

နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ လက်နက်ချ အညံ့ခံလာကြောင်း ၊ ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်တစ်ခုကို အလုံးစုံထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။

လက်ရှိတွင် CDF မင်းတပ်အနေဖြင့် ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းများ၊ လက်နက်ချ အလင်းဝင်သော စစ်သားများနှင့်ရဲများ၊ မိသားစုဝင်များကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း CDF မင်းတပ်၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“လက်နက်ချတဲ့သူတွေ သုံ့ပန်းတွေရော ဆင်းကူပေးတယ်။ သူတို့မစားရတာကြာပြီဖြစ်တဲ့ ဆေးလိပ်တွေ၊ အချိုရည်တွေ ကျွေးတယ်။ ကောင်းကောင်းမွန်မွန်ထားတယ်။ လုံလုံခြုံခြုံတွေနဲ့ စောင်တွေ ပေးထားတယ်။ ကျနော်တို့ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တုန်းက သံတမန်သလင်းပေါ် အိပ်ခိုင်းတယ်။ စောင်တွေ မပေးဘူး။ အချုပ်ခန်းထဲမှာ ထည့်ထားတာကိုပဲ လက်ထိပ်တွေ ခတ်ထားတယ်။ သံခြေကျင်းတွေ ခတ်ထားတယ်။ အကုန် သံခြေကျင်းခတ်ထားတော့ အပေါ့အပါးသွားတဲ့အခါ အဆင်မပြေဘူး။ အမျိုးသမီးတွေရော အမျိုးသားတွေရော။ အိပ်နေတဲ့ အချုပ်ခန်း ထောင်ထဲကို ခွေးတွေ လမ်းဘေး လေလွင့်ခွေးတွေကို ထည့်လွှတ်ထားတဲ့အတွက်ကြောင့် အဆင်မပြေဘူး။ တမင်တကာ ငတ်အောင်ထားတယ်။ ခြိမ်းခြောက်တယ်။ အမျိုးသမီးတွေဆိုရင် လုံခြုံရေးအရဆိုပြီး ကိုယ်လုံးတီး ချွတ်ထားတယ်။ အဲဒီလို ပြည်သူကို နှိပ်စက်ခဲ့တဲ့သူတွေပါ။ ဒါပေမယ့်ကျနော်တို့က သူတို့ကို ကောင်းကောင်းမွန်မွန်လေး ဆေးဝါးကုသပြီး ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်” ဟု CDF မင်းတပ်၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က ပြောဆိုသည်။

CDF မင်းတပ် ပါဝင်သော ချင်းညီနောင်တပ်ဖွဲ့က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း ကန်ပက်လက်မြို့ကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article