ရန်ကုန်၊ ဒီဇင်ဘာ ၂၇
AA က ထုတ်ပြန်သော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီအနေဖြင့် စစ်ရှုံးနေပြီဖြစ်ကြောင်း၊ နေပြည်တော်မှ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအနေဖြင့် စစ်ရှုံးနေသည်ကို လက်ခံရန်၊ လက်အောက်ငယ်သားများ၏ ဘ၀နှင့် အသက်ကို ငဲ့ကွက်ကြရန်၊ ပြည်သူလူထုကို ဗုံးကျဲမှုနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ထိုသို့မဟုတ်လျှင် ပြည်သူလူထု၏ အမုန်းတရားနှင့် နာကြည်းမှုကို မျိုးဆက်အလိုက် ခံစားရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တောင်းဆိုသည်။
” နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘ၀တွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။ ပြည်သူလူထုကို ဗုံးကျဲတာတွေ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ။ ဆက်လက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေကို နာကြည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရမယ်ဆိုတာကို သိစေချင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရှင်းပြသည်။
ထို့ပြင် တပ်မှူးများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် စစ်သည်များအနေဖြင့် ခေါင်းဆောင်မှု မပီသူများ၏ လက်အောက်တွင် အသေခံပြီး တာဝန်ထမ်းဆောင် ခြင်းမပြုကြရန် ၊ AA နှင့်ဆက်သွယ်ပြီး လက်နက်ချ အလင်းဝင်ကြရန် ၊ အလံဖြူထောင်ကြရန် တိုက်တွန်းလိုကြောင်း၊ AA က စစ်သုံ့ပန်းများကို ဥပဒေအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ အလင်းဝင်လျှင် အသက်ချမ်းသာရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ဆက်လက် ပြောဆိုသည်။
“လုပ်ဖော်ကိုင်ဖက် တပ်မှူး စစ်သည်တွေကို ရခိုင်ပြည်ရဲ့ ပထဝီဝင် အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ရှိဖို့ ခက်ခဲတယ်ဆိုတာကို တိုက်ပွဲစဉ်တွေက သိရှိပြီးဖြစ်ပါတယ်။ မင်းတို့တွေအနေနဲ့ ခေါင်းဆောင်မှု မပီသူတွေရဲ့ အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့အမြန်ဆက်သွယ်ပြီး လက်နက်ချ အလင်းဝင်ကြပါ။ တိုက်ပွဲတွေမှာလည်း အမြန်ဆုံး အလံဖြူထောင်ပြီးတော့ လက်နက်ချကြပါ။ အာရက္ခတပ်တော်အနေနဲ့ လက်လွတ်စပယ် မလုပ်ပါဘူး။ ဥပဒေနဲ့အညီပဲ ဆက်ဆံပါတယ်။ အာရက္ခတပ်တော်က သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အတိုင်းထိန်းသိမ်းထားရှိပါတယ်။ သူတို့တွေဆီမှာရှိတဲ့ ရိက္ခာ ဆေးဝါးတွေနဲ့ အစားအစားအသောက်တွေကို အစွမ်းကုန် ပြုစု ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။ အာရက္ခတပ်တော်နဲ့ ဆက်သွယ်ပြီး အမြန်ဆုံး လက်နက်ချ အလင်းဝင်ကြပါ အဲဒါဆိုရင် မင်းတို့တွေ အသက်ချမ်းသာရာရမှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရှင်းပြသည်။
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်စခန်းများကို AA တပ်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းသိမ်းပိုက်မှုတွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ် မှူးချုပ် ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို လက်ရ အရှင်ဖမ်းဆီးရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar