ရန်ကုန်၊ ဇန်နဝါရီ ၃
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် မြေးဖြစ်သူ အချိုရည်သောက်ရန် ထွက်ဝယ်သည့် အသက် ၆၀ အရွယ် ဦးရွှေကို အကြမ်းဖက် စစ်တပ် လှည့်ကင်းက ပစ်သတ်ပြီး ဆိုင်ကယ်၊ ဆွဲကြိုးနှင့် လက်စွပ်များကို စစ်သားများက လုယက် ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာမှ ပြောက်ကျားအင်္ကျီ အမြဲဝတ်ဆင်လေ့ရှိသည့် အသက် ၆၀ အရွယ် ဦးရွှေက ၎င်း၏ မြေးသောက်ရန် အချိုရည်ကို ဆိုင်ကယ်ဖြင့် တာကလေးရွာ စျေးဆိုင်သို့ ထွက်ဝယ်စဉ် ဗိုလ်တထောင်ရွာအနီး စစ်တပ် လှည့်ကင်းနှင့်တိုးကာ ဦးခေါင်းကို သေနတ်ဖြင့် ၅ ချက် စစ်သားများက ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်သားများက ဦးရွှေကို ပစ်သတ်ပြီးနောက် ၎င်းစီးနင်းလာသည့် ဆိုင်ကယ်နှင့် ဆွဲကြိုး၊ လက်စွပ်များကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
“ဦးရွှေခေါင်းကို စစ်ခွေးတွေက သေနတ်နဲ့ ၅ ချက်ပစ်သတ်လိုက်တာ သူက ပြောက်ကျားအင်္ကျီ အမြဲဝတ်တယ်။ စစ်ခွေးတွေကလည်း ကင်းလှည့်နေရင်း ပြောက်ကျားအင်္ကျီဝတ်နဲ့ ဆိုင်ကယ်စီးလာတာမြင်တော့ PDF ထင်ပြီး ပစ်သတ်လိုက်တာ။ ပစ်သတ်ပြီးတော့ စစ်ခွေးတွေက ဆိုင်ကယ်နဲ့ ဆွဲကြိုး၊ လက်စွပ်တွေက်ုလည်း ယူသွားတယ်။ သူ့မြေးက ဂန့်ဂေါ်ပင်ရွာ အလယ်တန်းကျောင်း စုံညီပွဲတော်မှာ ကျောင်းကပွဲ သွားရမှာမို့ မြေးသောက်ဖို့ အတွက် နံနက် အစောစော အချိုရည်ထွက်ဝယ်တာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဦးရွှေ၏ ရုပ်အလောင်းကို ယနေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အလောင်းလာကောက်ပြီး မင်းလှဆေးရုံပို့လိုက်ကြောင်း၊ မိသားစုဝင်များလည်း ကြောက်လန့်နေ၍ မည်သူမှ မလိုက်သွားရဲကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar