25 C
Yangon

မတ္တရာ-ဆည်တော်လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး အရှင်မိပြီး ကား ၃ စီးနှင့် သေနတ် ၄ လက် သိမ်းဆည်းရရှိ၊ စစ်တပ်က ချောဆွဲလာသော ကားကို ပကဖ က ပိုင်ရှင်ထံ ပြန်လည် ပေးအပ်

Must read

မတ္တရာ-ဆည်တော်လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး အရှင်မိပြီး ကား ၃ စီးနှင့် သေနတ် ၄ လက် သိမ်းဆည်းရရှိ၊ စစ်တပ်က ချောဆွဲလာသော ကားကို ပကဖ က ပိုင်ရှင်ထံ ပြန်လည် ပေးအပ်

ရန်ကုန်၊ ဇန်နဝါရီ ၄

မန္တလေးတိုင်း၊ မတ္တရာ-ဆည်တော်လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး အရှင်မိပြီး ကား ၃ စီးနှင့် သေနတ် ၄ လက် သိမ်းဆည်းရရှိကာ စစ်တပ်က ချောဆွဲလာသော ကားကို ပိုင်ရှင်ထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း မတ္တရာမြို့နယ် မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း စတင်ခဲ့သော ရှမ်း-မန်း စစ်ဆင်ရေး ကာလအတွင်း တိုက်ပွဲဖြစ်ပွားရာ မတ္တရာ-ဆည်တော် လမ်းပိုင်းကို လူအင်အားနှင့် လက်နက်ခဲယမ်းများ လာရောက် ပို့ဆောင်သော စစ်တပ် ယာဉ်တန်းကို မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် ၃ ပကဖ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး Cantar ကား ၁ စီး၊ Mark II ကား ၁ စီး ၊ Faw ကား ၁ စီး၊ G3 သေနတ် ၃ လက် ၊ MA-13 သေနတ် ၁ လက် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထို သိမ်း‌ဆည်း ရရှိထားသော ကားများထဲမှ Cantar ကား သည် CDM ဆရာမ တစ်ဦး ပိုင်‌ဆိုင်သည်ဟု သိရှိရသောကြောင့် အဆိုပါ ကားကို ဇန်နဝါရီလ ၃ ရက်နေ့တွင် မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ ရဲဘော်များက ပိုင်ရှင်ဖြစ်သူ CDM ကျောင်းဆရာမ ထံ ကားနှင့် ဆက်စပ်သော စာရွက်စာတမ်းများ စစ်ဆေး၍ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့ လက်ရှိ စစ်ဆင်ရေးမှာ ပါဝင် တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေဆီကို စိစစ်ထောက်ပို့ပေးကြဖို့နဲ့ မတ္တရာအတွက် မိုးကြိုးစစ်ကြောင်းက လက်မနှေးဘဲ ပါဝင်တိုက်ခိုက်လျက်ရှိပါတယ်” ဟု မတ္တရာမြို့နယ် မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် ၃ ပကဖ သည် ရှမ်း-မန်း စစ်ဆင်ရေးတွင် တာဝန်ကျေပြွန်စွာ စွမ်းစွမ်းတမံ ပါဝင်ဆင်နွှဲလျက်ရှိပြီး တိုက်ခိုက်ရေး အင်အား ထပ်မံ ဖြည့်ဆည်းနိုင်ရန်လည်း သင်တန်းသားအသစ်များ ထပ်မံခေါ်ယူနေပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ မြို့သိမ်းတိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်စု ဖွဲ့လေ့ကျင့်လျက်ရှိပြီး ပြည်သူများအနေဖြင့် စောင့်ကြည့်အားပေးဝန်းရံကြပါရန် မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် ၃ ပကဖ က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article